သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားကို ရုရှားရဲ့ စစ်ရေးပံ့ပိုးမှု အမေရိကန်စိုးရိမ်


ရုရှက ဆီးရီးယားကို တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပို့ပေးလိုက်တဲ့ သတင်းတွေအတွက် အမေရိကန်ပြည်ထောင်စုက စိုးရိမ်ပူပန်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်(Hilary Clinton)က ဇွန်လ ၁၂ ရက်နေ့က ဝါရှင်တန်ဒီစီမြို့တော်က Brookings Institution ရဲ့ ဆွေးနွေးပွဲမှာ ပြော ကြားခဲ့ပါတယ်။

ရုရှကတော့ ဆီးရီးယားကို အခုပေးပို့လိုက်တဲ့ ဒီရဟတ်ယာဉ်တွေနဲ့ တခြားသော စစ်လက်နက်တွေဟာ ဆီးရီးယားမှာ အခုဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ မသက်ဆိုင်ဘူးလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် ဟာ့ဗ် လက်ဒ်ဆော့်စ် (Hereve Ladsous) က ဆီးရီးယားနိုင်ငံဟာ ကြီးမားပြင်းထန်တဲ့ အကြမ်းဘက်မှုအဆင့်ဆီကို မြင့်တက်သွားပြီးတော့ အလုံးစုံသောပြည်တွင်း စစ်ပွဲကြီးထဲမှာ ကျရောက်နေပြီလို့ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။

အတိုက်အခံတွေဘက်က သိမ်းယူလိုက်တဲ့ နယ်မြေတွေ အများအပြားကို ပြန်ရဖို့အတွက် ဆီးရီးယားအစိုးရဟာ တင့်ကားတွေ၊ အမြောက်ကြီးတွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်နေတယ်လို့လည်း မစ္စတာ လက်ဒ်ဆော့်စ်က ပြောပါတယ်။ ဆီးရီးဟားအတွက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေသူတွေက ဇွန်လ (၁၂) ရက်နေ့က အတိုက်အခံတွေရဲ့ ခြေကုတ်စခန်းတွေကို အစိုးရတပ်တွေက အဆက်မပြတ် တိုက်ခိုက်နေတာကြောင့် အနည်းဆုံး လူ (၃၄) ဦး သေဆုံးသွားခဲ့ရတယ်လို့ ပြောကြပါတယ်။

နိုင်ငံအနောက်ပိုင်းက တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အယ်လ်ဟာဖေး (al-Haffeh) မြို့ထဲကို ဝင်ရောက်ဖို့ ကြိုးပမ်းကြတဲ့ ကုလသမဂ္ဂရဲ့ စောင့်ကြည့် လေ့လာရေး အဖွဲ့ဝင်တွေကို လူအုပ်တွေက မဝင်နိုင်အောင် တားဆီးခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းမှုထိန်းသိမ်းရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ်ရဲ့ မှတ်ချက် ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG