သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန်နိုင်ငံသားတွေ ဆီးရီးယားက ထွက်ခွာဖို့ တိုက်တွန်း


ဗြိတိန်နိုင်ငံသားတွေ ဆီးရီးယားက ထွက်ခွာဖို့ တိုက်တွန်း
ဗြိတိန်နိုင်ငံသားတွေ ဆီးရီးယားက ထွက်ခွာဖို့ တိုက်တွန်း

ဆီးရီးယားနိုင်ငံက အခြေအနေ ယိုယွင်းလာနေတာနဲ့အတူ ဆီးရီးယားမှာ ရှိနေတဲ့ ဗြိတိန်လူမျိုးတွေ အားလုံး အမြန်ဆုံး နိုင်ငံထဲကနေ ထွက်သွားဖို့ ဗြိတိန် နိုင်ငံခြားရေးဌာနက တိုက်တွန်းထားပါတယ်။ ဗြိတိန်မှာ စနေနေ့က ထုတ်ပြန်တဲ့ ခရီးသွား အသိပေးချက်မှာ တကယ်လို့ အခြေအနေ ပိုဆိုးလာခဲ့ရင် ဒမတ်စ်ကပ်စ် (Damascus) မြို့တော်မှာရှိတဲ့ ဗြိတိန်သံရုံးက အကူအညီပေးနိုင်တဲ့ အခြေအနေ မရှိဖို့ များတယ်လို့ ဖော်ပြထားပါတယ်။

ခုလို ဗြိတိန်က ခရီးသွား အသိပေးချက် ထုတ်ပြန်ချိန်မှာပဲ ဆီးရီးယားမှာတော့ အစိုးရ အတိုက်အခံတွေအပေါ် နှိမ်နင်းမှုတွေကို နေရာချဲ့ပြီး ဆောင်ရွက်နေတာမှာ တူရကီနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ ရွာတခုထဲကို ဆီးရီးယားတပ်တွေ စီးနင်း ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

တင့်ကားတွေ သံချပ်ကာကားတွေနဲ့ ဆီးရီးယား တပ်တွေဟာ ဘာဒါမာ (Bdama) မြို့ထဲကို ဝင်ရောက်ပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ကာ ၇၀ ထက် မနည်းကို ဖမ်းဆီးသွားတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ မျက်မြင်တွေက ပြောပြပါတယ်။ အနည်းဆုံး အိမ် ၂ လုံးကိုလည်း မီးရှို့ ဖျက်ဆီးသွားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

သောကြာနေ့က နိုင်ငံတဝန်းက မြို့တွေ ရွာတွေမှာ အစိုးရဆန့်ကျင်သူ ထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတာမှာ ဆီးရီးယား တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ၁၉ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။ ဘာဒါမာမြို့ဟာ တူရကီနယ်စပ်နဲ့ မလှမ်းမကမ်းမှာ ရှိပါတယ်။ တူရကီဘက်ကို ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို ဒီမြို့က လူတွေက အကူအညီပေးနေတာ ဖြစ်တယ်လို့ လက်ဘနွန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးအဖွဲ့က လှုပ်ရှားသူ တယောက်က ပြောပါတယ်။

ဆီးရီးယားမှာ ဖြစ်နေတဲ့ အခြေအနေကြောင့် တူရကီနိုင်ငံဘက်ကို ထွက်ပြေးကြသူ ၁၀,၀၀၀ ကျော် ရှိနေပြီး ဒုက္ခသည်တွေဟာ ယာယီတဲတွေနဲ့ နေထိုင်နေကြရပါတယ်။

XS
SM
MD
LG