သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ပြည်တွင်းပြည်ပ ဆက်လက်လှုပ်ရှားဖို့ ဒေါ်စု တိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အဆိုတော် ဘိုနို။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အဆိုတော် ဘိုနို။

မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့နဲ့ တိုင်းရင်းသား ပဋိပက္ခတွေမှာ ငြိမ်းချမ်းရေးရရှိဖို့ အတွက်ကို နိုင်ငံရေးအရ ရှေ့ ဆက်လုပ်စရာတွေ အများအပြား ကျန်နေသေးပြီး လွှတ်တော်အတွင်းရော အပြင်မှာပါ ဆောင်ရွက်ရမယ့် ကိစ္စတွေရှိနေသေးတယ်လို့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ ပြောဆိုလိုက်ပါ တယ်။ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနှီးနှော ဖလှယ်ပွဲအပြီး U2 တေးဂီတ အဆိုတော် ဘိုနို၊ နော်ဝေနိုင်ငံခြားရေးဝန်ကြီးတို့နဲ့အတူ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုခဲ့တာပါ။ အသေးစိတ်ကို မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ အော်စလိုမြို့တော်နဲ့ မနီးမဝေးမှာ ရှိတဲ့ Losby Gods အပန်းဖြေမြို့လေးက “မပြောင်းလဲနိုင်သော အရာတွေကို ပြောင်းလဲခြင်း အသွင်းကူးပြောင်းရေး ကာလ တွေ့ဆုံဆွေးနွေးမှုအခန်းကဏ္ဍလို့ အမည်ပေးထားပြီး မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်နဲ့ပတ်သက်လို့ ထည့်သွင်းဆွေးနွေးမယ့် ငြိမ်းချမ်းရေးနှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့ပါ တယ်။ နော်ဝေနိုင်ငံခရီးစဉ် နောက်ဆုံးနေ့အဖြစ် တက်ရောက်ခဲ့တဲ့ ဒီအခမ်းအနားမှာ နော်ဝေနိုင်ငံခြားရေး ဝန်ကြီး ဂျိုနာ ဂါး စတိုး (Jonas Gahr Støre)၊ ဆွီဒင်နိုင်ငံခြားရေးဝန်ကြီး ကားလ် ဘလစ်ဒ် (Carl Bildt)၊ မြန်မာစက်မှုဝန်ကြီး ဦးစိုးသိန်းတို့အပြင် ကမ္ဘာကျော် ဂီတဝိုင်းတခု ဖြစ်တဲ့ U2 အဖွဲ့က အဆိုတော် ဘိုနိုလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်။ ဒီအခမ်းအနားအပြီး နော်ဝေနိုင်ငံခြားရေးဝန်ကြီး ဂျိုနာ ဂါး စတိုး၊ U2 အဖွဲ့ အဆိုတော် ဘိုနို တို့နဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါ်အောင်ဆန်းစုကြည် ကနေ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိဖို့အတွက်ဆိုရင် လွှတ်တော်အတွင်းကနေရော လွှတ်တော် အပြင်ကနေပါလုပ်ဖို့ လိုအပ်တယ်လို့ သတင်းထောက်တဦးရဲ့ အမေးကို အခုလို ပြောခဲ့ပါတယ်။

“အဲ့ဒီအတွက် ကျမတို့ ကြိုးစားသွားရမှာပေါ့။ အစကတည်းက ကျမတို့က လွှတ်တော်ပြင်ပကနေပြီး ကြိုးစား လာတာဖြစ်တယ်။ အခုကျတော့ လွှတ်တော်အတွင်းကနေလည်း ကြိုးစားရမယ်။ လွှတ်တော် ပြင်ပက ကြိုးစားမှုတွေကိုလည်း ဆက်ပြီးတော့ ကျမတို့ လုပ်ဆောင်ရမယ်။”

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာတွေ ပြေလည်ဖို့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေ လိုအပ်ပြီး ဒီနိုင်ငံရေးဆွေးနွေးပွဲမှာလည်း ဘက်ပေါင်းစုံက လူတွေ အားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုမျိုးဖြစ်ဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။

“ကျမနဲ့ သမ္မတကြီးဦးသိန်းစိန် တွေ့တာက တယောက်နဲ့တယောက် ဆွေးနွေးတိုင်ပင်တာပေါ့နော်။ ဒါပေမဲ့ ဒီဟာက တကယ့်နိုင်ငံရေး ဆွေးနွေးပွဲလို့ ကျမကတော့ မမြင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါက လူ ၂ ဦး ၂ ယောက်ကြားမှာ ဆွေးနွေးမှုပဲဖြစ်ပါတယ်။ တကယ့်နိုင်ငံရေး ဆွေးနွေးမှုဆိုတာဟာ ဒါထက်ပိုပြီးတော့ ကျယ်ပြန့်ဖို့ လိုပါတယ်။ အဲဒီဟာကို ကျမ ဆိုလိုတာပါ။ အဲဒီတော့ တကယ့် နိုင်ငံရေးဆွေးနွေးမှု ဆိုတာဟာ အားလုံး စားပွဲဝိုင်းမှာထိုင်ပြီးတော့ သက်ဆိုင်တဲ့သူတွေ၊ အထူးသဖြင့် တိုင်းရင်းသားတွေ ဥပမာ အစိုးရဘက်က လူတွေလည်း ပါရမယ်၊ အတိုက်အခံဘက်ကလူတွေလည်း ပါရမယ်။ ကျမတို့ တိုင်းရင်းသားလူမျိုုးစုတွေကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေလည်း ပါရမယ်။ ဒါကိုမှ တကယ့် နိုင်ငံရေးဆွေးနွေးပွဲလို့ ခေါ်နိုင်မှာပါ။ ကျမတို့ နှစ်ဦးချင်းကြားမှာ ပြောတာ၊ ဆိုတာ၊ ဆွေးနွေးတာလောက်နဲ့ နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်တယ် လို့ မဆိုနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်နဲ့ ကျမ ပြောတာ ဖြစ်ပါတယ်။”

နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ပထမဆုံးအကြိမ် ဥရောပခရီးစဉ်စတင်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့မှာတော့ သူ့ကို အစဉ်အမြဲ အားပေးထောက်ခံခဲ့တဲ့ ကမ္ဘာကျော် U2 တေးဂီတအဖွဲ့က အဆိုတော် ဘိုနိုနဲ့လည်း ဒီအခမ်းအနားမှာ ပထမဆုံး တွေ့ဆုံခဲ့တာပါ။ အဆိုတော် ဘိုနို ကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ Walk On တေးသီချင်းကိုလည်း အဆိုတော် ဘိုနိုက သူ့အနေနဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အထင်ကြီး လေးစားရတာဟာ - သူမရဲ့ အကြမ်းမဖက် ကြိုးပမ်းမှုတွေကြောင့် ဖြစ်တယ်လို့ အဆိုတော်ဘိုနို က ပြောဆိုသွားခဲ့ပါတယ်။ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Amnesty International ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဘိုနိုက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအပါအဝင် မြန်မာနိုင်ငံအရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ သူ့ရဲ့ အတွေ့အကြုံကိုလည်း မျှဝေခဲ့တာပါ။

“မှင်သက်မိတဲ့ ခံစားချက်မျိုး ဖြစ်မိတယ်ဆိုတဲ့ စကားလုံးကိုပဲ သုံးရမယ် ထင်ပါတယ်။ ဒါပေမဲ့လည်း ဒီလို ခံစားချက်ကို ကျော်လွှားနိုင်အောင် ကျနော် ကြိုးစားနေရပါတယ်။ ဆိုလိုတာကတော့ ကျနော့်အနေနဲ့ ဒီလို ခံစားချက် မဖြစ်ပါဘူးဆိုတာမျိုး ဟန်ဆောင်ပြနေရတာပါ။”

၂၀၀၉ ခုနှစ်မှာတုန်းကလည်း U2 အဖွဲ့ရဲ့ ၃၆၀ ဒီဂရီလို့ အမည်ပေးထားတဲ့ ဥရောပနဲ့ အမေရိကန် လှည့် လည်ဖျော်ဖြေရေး အစီအစဉ်မှာ စုစုပေါင်း ၄၄ ပွဲ သီဆိုဖျော်ဖြေခဲ့ပြီး သူ့ရဲ့ ဖျော်ဖြေပွဲတိုင်းမှာလည်းပဲ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် အမှတ်တရ အားပေးစပ်ဆိုထားတဲ့ Walk On ဆက်လျှောက်နေပါဆိုတဲ့ သီချင်းကို သီဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘယ်သူ ဖြစ်တယ်ဆိုတာကို ပရိသတ်တွေသိအောင် သူက ရှင်းပြခဲ့သူပါ။ အဲ့ဒီ Walk On သီချင်းကို သီဆိုကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဓာတ်ပုံကို မျက်နှာဖုံးအဖြစ် ပရိသတ်တွေက တပြိုင်တည်း တပ်ဆင်အားပေးကြဖို့အတွက်ကိုလည်း စီစဉ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ နေအိမ်အကျယ်ချုပ်ဘဝနဲ့ ထိန်းသိမ်း ခံနေရဆဲကာလဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပခရီးစဉ်တွေထဲက တခုဖြစ်တဲ့ နော်ဝေနိုင်ငံခရီးစဉ်ကို ဒီကနေ့ အဆုံးသတ် ပြီးတဲ့နောက်မှာတော့ အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့ကို ဒေါ်အောင်ဆန်းစုကြည် ခရီးဆက်ပြီး အဲဒီမှာ လူ့အခွင့် အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International ရဲ့ အမြင့်ဆုံးဆုအဖြစ် ယုံကြည်မှုဆိုင်ရာ ဂုဏ်ထူးဆောင် သံအမတ်ကြီးဆုကို အိုင်ယာလန်နိုင်ငံ ဒဗ္ဗလင်မြို့မှာ အခမ်းအနားနဲ့အတူ လက်ခံ ရယူသွားမှာပါ။ ဒီနောက် မှာတော့ ဗြိတိန်နိုင်ငံကို သွားရောက်ပြီး လွှတ်တော်တွင်း စကားပြောဆိုဖို့ ရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်မြောက် မွေးနေ့ကို ဗြိတိန်နိုင်ငံမှာ သားနှစ်ယောက်နဲ့အတူ ကုန်လွန်လိမ့်မယ်လို့ လည်း မျှော်လင့်ရပါ တယ်။ ၂၄ ရက်နေ့ ခရီးစဉ် အဆုံးမသတ်မီမှာတော့ ပြင်သစ်နိုင်ငံကို ဝင်ရောက်ဦးမှာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG