သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ်သစ် ရွေးချယ်


ပါကစ္စတန် နိုင်ငံမှာ ရာထူးကထွက်ခဲ့ရတဲ့ ဝန်ကြီးချုပ် Yousuf Raza Gilani ရဲ့ နေရာမှာ တာဝန် ထမ်းဆောင်ဖို့ ဝန်ကြီးချုပ်အသစ်တဦးကို လွှတ်တော်မှာ ဥပဒေပြု လွှတ်တော်အမတ်အများစုက မဲပေးရွေးချယ်လိုက်ကြပါပြီ။

စွမ်းအင်နဲ့ရေ အရင်းအမြစ်ဆိုင်ရာ ဝန်ကြီးတာဝန်ယူခဲ့တဲ့ Raja Pervez Ashraf ကို သောကြာနေ့က လွှတ်တော်မှာ မဲအများစုပေးပြီး ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်။ Mr. Ashraf ဟာ နိုင်ငံရဲ့ စွမ်းအင်ပြဿနာကြောင့် ပြစ်တင်ဝေဖန်ခံခဲ့ရပြီး အဂတိလိုက်စားမှု ရှိတယ်လို့လည်း စွပ်စွဲခံခဲ့ရသူဖြစ်ပါတယ်။

အမျိုးသားညီလာခံမှာ စုစုပေါင်း ၃၄၂ ဦးရှိတဲ့အနက်က ၂၁၁ မဲ အနိုင်ရပြီး ဝန်ကြီးချုပ်ရာထူး အတွက် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

အတိုက်အခံ Pakistan Muslim League ပါတီက Sardar Mehtab Abbasi ကတော့ မဲ အရေအတွက် ၈၉ မဲသာရခဲ့ပါတယ်။ Mr. Ashraf ရဲ့ ပါကစ္စတန်ပြည်သူ့ပါတီဟာ ညွန့်ပေါင်း မဟာမိတ်တွေအပြင် လွှတ်တော်မှာ အမတ်နေရာအများစု ရထားတာလည်းဖြစ်ပါတယ်။ ပါကစ္စတန်ပြည်သူ့ပါတီဟာ အထည်အလိပ်ဝန်ကြီးဟောင်း Makhdoom Shahabuddin ကို ဝန်ကြီးချုပ်ရာထူး အဆိုပြုခဲ့ဖူးပေမဲ့ သူ့ရဲ့ ကျန်းမာရေးဝန်ကြီးတာဝန်ယူစဉ်ကာလက တရားမဝင် Ephedrine ဆေးတင်သွင်းမှု အရှုပ်တော်ပုံမှာ ပတ်သက်ခဲ့တယ်ဆိုပြီး ဖမ်းဆီးမိန့် ထုတ်ခံခဲ့ရပါတယ်။

အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံရသူ သမ္မတ Zardari ကိစ္စနဲ့ ပတ်သက်ပြီး Swintzerland ကို စုံစမ်း စစ်ဆေးမှု လုပ်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဝန်ကြီးချုပ်ဟောင်း Gilani ကို အပြစ်ရှိတယ်လို့ ဗဟိုတရားရုံးက ဆုံးဖြတ် ခဲ့ပါတယ်။ အသစ်ရွေးချယ်ခံရမဲ့ ဝန်ကြီးချုပ်ဟာ သမ္မတ Zardari ကိုစွပ်စွဲထားတဲ့အမှုကို ဆက်ပြီး စုံစမ်းစစ်ဆေးဖို့ ဖိအားပေးခံရမဲ့အခြေအနေမှာ ရှိနေတာလည်း ဖြစ်ပါတယ်။

ခုသီတင်းပတ်ထဲ ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးပြောင်းလဲတိုးတက်မှုတွေမတိုင်ခင် သမ္မတ Zardari အစိုးရဟာ အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးတင်းမာမှု၊ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု၊ အလုပ်လက်မဲ့ပြဿနာ၊ စွမ်းအင်နဲ့ လျှပ်စစ်မီးမလုံလောက်မှု ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

XS
SM
MD
LG