သုံးရလွယ်ကူစေသည့် Link များ

စစ်တပ်က အရပ်သားတွေဖမ်းဆီးခွင့် အီဂျစ် တရားရုံးပယ်ဖျက်


အီဂျစ်နိုင်ငံမှာ အရပ်သားတွေကို ဖမ်းဆီးနိုင်မယ့် အစိုးရကြေညာချက်တရပ်ကို တရားရုံးက ပြောင်းလဲ အမိန့် ချမှတ်လိုက်ပါတယ်။ ဒီလမှာ ကျင်းပခဲ့တဲ့ သမ္မတ ဒုတိယအကျော့ ရွေးကောက်ပွဲမတိုင်ခင်မှာ ဒီအမိန့်ကြေညာချက်ကို စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရက ကြေညာခဲ့တာဖြစ်ပါတယ်။

မေလမှာ အဆုံးသတ်သွားတဲ့ လူအများကဆန့်ကျင်တဲ့ အရေးပေါ်ဥပဒေကို စစ်ကောင်စီကနေ အသက်သွင်းဖို့ ကြိုးစားတယ်လို့ အခွင့်အရေး လူပ်ရှားတဲ့အဖွဲ့တွေ၊ ရှေ့နေတွေနဲ့ နိုင်ငံရေးသမားတွေက ကန့်ကွက်ကြပါတယ်။ ကတိပေးထားတဲ့အတိုင်း အဖွဲ့ပေါင်းစုံပါဝင်တဲ့ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့အတွက် သမ္မတအဖြစ်ရွေးချယ်ခံရ သူ အစ္စလာမ်ဝါဒီ မစ္စတာ မိုဟာမက် မော်စီ ကြိုးစားလုပ်ဆောင်နေချိန်မှာပဲ အခုလိုမျိုး တရားရုံးက ဆုံးဖြတ်ချက်ချလိုက်တာပါ။

မနှစ်က လူထုအုံကြွမူကြောင့် သမ္မတဟောင်း ဟော့စနီမူဘာရက် ပြုတ်ကျမသွားခင်အထိ နေထိုင်ခဲ့တဲ့ သမ္မတအိမ်တော်က သမ္မတရုံးကို မစ္စတာမော်စီ တနင်္လာနေ့ကတည်းက ရွှေ့ပြောင်းခဲ့ပါပြီ။

နိုင်ငံတော်က တရားဝင်ရွေးချယ်ထားတဲ့ သမ္မတဖြစ်သူကို ထောက်ခံအားပေးသွားမယ်လို့ ပြော ခဲ့ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ကိုးကားပြောဆိုနေတဲ့ အီဂျစ်စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဟူစိန် တန်တာဝီနဲ့လည်း မစ္စတာမော်စီ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာမော်စီဟာ လာမယ့် စနေနေ့မှာ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပါတယ်။

XS
SM
MD
LG