သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အစည်းအဝေးမှာ အမေရိကန် စီးပွားရေး အာရုံစိုက်မည်


အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အဆင့်မြင့် အရာရှိတွေ ဒီသီတင်းပတ်ထဲ ကမ္ဘောဒီးယား နိုင်ငံမှာ တွေ့ဆုံ ဆွေးနွေး နေချိန်မှာပဲ မကြာခင်မှာအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက တာဝန် ယူတော့မယ့် ကာလကိုလည်း အခုကတည်းက တချို့က မျှော်မှန်းကြည့်နေကြပါပြီ။

အာဆီယံ အတွင်းရေးမှူးချုပ်ကတော့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတော့မယ့် မြန်မာနိုင်ငံမှာ အပြောင်း အလဲတွေ ပေါ်ပေါက်အောင် တိုက်တွန်း နိုင်တဲ့အတွက် အသင်းကြီးအနေနဲ့ အမှတ်ရသင့်တယ်လို့ ပြောခဲ့သလို၊ အနောက်နိုင်ငံတွေရဲ့ အရေးယူ ဒဏ်ခတ်မှုတွေ အပြည့်အ၀ ဖယ်ရှား မပေးသေးတဲ့ အပေါ်မှာလည်း အားမလို အားမရ ဖြစ်ရတဲ့အကြောင်း ပြောလိုက်ပါတယ်။

ဖနွမ်းပင်မြို့တော်က အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲအတွင်း တရားဝင် ဆွေးနွေး ပွဲ ခေါင်းစဉ်ထဲမှာ မပါဝင်ပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အလေးထား အာရုံစိုက်နေကြတယ်လို့ အတွင်းရေးမှူး ချုပ် Surin Pitsuwan က ပြောပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံက အပြောင်းအလဲတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုတွေကို အပြီးတိုင် ဖယ်ရှားပေးဖို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြား လိုလားနေကြတာလို့ ဗွီအိုအေနဲ့ သီးခြားမေးမြန်းရာမှာ မစ္စတာဆူရင် က ပြောလိုက်တာပါ။

ဒါပေမဲ့လည်း အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်မှုတွေ အဆုံးသတ်ဖို့ အာဆီယံက ဖြစ်စေချင်သလောက်တော့ မလွယ်လှဘူးလို့ ဆန်းစစ်သူတချို့က သုံးသပ်နေကြတာပါ။ အာဆီယံ အသင်းကတော့ အဖွဲ့ဝင် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်မှာ ဥက္ကဋ္ဌ တာဝန် ပေးအပ်ဖို့ လက်ခံထားတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာနိုင်ငံဘက်က တာဝန်ကျေကျေ လုပ်ပြနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အတွင်းရေးမှူးချုပ် ဆူရင်က ပြောပါတယ်။

XS
SM
MD
LG