သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး အင်ဒိုနီးရှားဝန်ကြီး သွားလေ့လာဦးမည်


မြန်မာ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး အင်ဒိုနီးရှားဝန်ကြီး သွားလေ့လာဦးမည်
မြန်မာ အာဆီယံ ဥက္ကဋ္ဌဖြစ်ရေး အင်ဒိုနီးရှားဝန်ကြီး သွားလေ့လာဦးမည်

၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးဖို့ မသေချာသေးဘူးလို့ လက်ရှိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ပြောလိုက်ပါတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Netalegawa နဲ့ အဖွဲ့ဟာ ဒီလ နောက်ဆုံးပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး အာဆီယံ ဥက္ကဋ္ဌတာဝန်ယူဖို့ အဆင့်သင့်ဖြစ် မဖြစ် အကဲခတ်လေ့လာမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက VOA ကို အတည်ပြုပြောဆိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဘန်ကောက်ကနေ ဒေါ်ခင်စိုးဝင်းက သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရက နိုင်ငံရေးအပြောင်းအလဲတွေ လုပ်နေတာဟာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေး ဦးတည်ချက်နဲ့ လုပ်နေတာလို့ ဝေဖန်သူတွေက သုံးသပ်နေကြသလို တချို့နိုင်ငံရေးအကဲခတ်တွေကလည်း အာဆီယံ ဥက္ကဋ္ဌတာဝန်ယူရေးက ဆုံးဖြတ်ပြီးသား၊ သေချာပြီးသား ဖြစ်နေတဲ့အတွက် တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီရေး ပြုပြင်ရေးလမ်းကြောင်းကို ကြိုးစားလျှောက်လှမ်းနေတာပါလို့ ပြောဆိုနေတဲ့ အသံတွေ အခုတလော ကြားနေရပါတယ်။ မနက်ဖြန် မြန်မာပြည်ကို ချစ်ကြည်ရေး မိတ်ဆက်ခရီးသွားမယ့် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ် ကလည်း အိမ်ရှင်သမ္မတ ဦးသိန်းစိန်ကို အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရေး ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံတယ်ဆိုတာကို ပြောဆိုမယ်လို့ ခရီးမထွက်ခင်ကတည်းက ကြိုပြီးပြောထားပါတယ်။

ဒါကြောင့်မို့လို့ တကယ်ပဲ မြန်မာနိုင်ငံကို အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရေး နောက်ကွယ်ကနေ လျှို့ဝှက်စွာ ဆုံးဖြတ်ထားပြီးသား ပါလား လို့ မေးကြည့်ရာမှာတော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Michael Tene မိုက်ကယ်လ် တီနေးက အခုလို ဖြေပါတယ်။

အာဆီယံအသင်းဝင် တနိုင်ငံချင်းစီအနေနဲ့ မြန်မာနိုင်ငံအပေါ် သီးခြား သဘောထား အမြင်တွေ ရှိကြမှာပါတဲ့။ ဒါပေမဲ့ သူသိထားသလောက်ကတော့ အာဆီယံအသင်းဝင်နိုင်ငံတွေ အားလုံး စုစည်းပြီးတော့ မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ပေးရေး ဆုံးဖြတ်ချက် မချရသေးပါဘူးတဲ့။ အာဆီယံအသင်းကနေ ထုတ်ပြန်တဲ့ ကြေညာချက်တွေ၊ စာတမ်းတွေအားလုံးကို သေသေချာချာ ကြည့်ရှု လေ့လာလို့ ရပါတယ်လို့ ဖြေဆိုသွားတာပါ။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Marty Netalegawa မာတီနာတာလီ ဂါဝါက အာဆီယံဥက္ကဋ္ဌရဲ့ တာဝန်တရပ်အနေနဲ့ မြန်မာနိုင်ငံကို အကဲခတ် လေ့လာရေးခရီးထွက်ဖို့ အောက်တိုဘာလ စတုတ္ထပတ်မှာ သွားရောက်မှာ ဖြစ်တယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် မိုက်ကယ်လ် တီးနီးက အခုလို အတည်ပြု ပြောဆိုလိုက်ပါတယ်။

ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်တခုကတော့ မြန်မာအစိုးရက အာဆီယံဥက္ကဋ္ဌတာဝန်ယူရေး ပန်ကြားထားတဲ့နေရာမှာ ဒေသတွင်း ဥက္ကဋ္ဌဆိုတဲ့ တာဝန်ကို ယူနိုင်ဖို့ ဘယ်လောက်ပြင်ဆင်မှုတွေ လုပ်ထားပြီးပြီလဲ ဆိုတာကို ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလေ့လာဖို့ ဖြစ်ပါတယ်တဲ့။ တကယ်တော့ မြန်မာနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ၂၀၁၆ ခုနှစ်မှာမှ အလှည့်ကျတာဖြစ်ပေမဲ့ ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူလိုတယ်လို့ မေတ္တာရပ်ခံခဲ့တာပါလို့ ပြောဆိုသွားတာပါ။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီ ဂါဝါ ကုလသမဂ္ဂအထွေထွေညီလာခံကြီးကို ပြီးခဲ့တဲ့ သီတင်းပတ်တွေတုန်းက တက်ရောက်ခဲ့တုန်းက မြန်မာနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးရေး ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် လူုထုအခြေပြု အဖွဲ့အစည်းတွေရဲ့အသံ၊ ဆန္ဒသဘောထားတွေကိုလည်း နားထောင်ဖို့ လိုတယ်လို့ ပြောဆိုခဲ့တဲ့အတွက် ဒီခရီးစဉ်အတွင်း အဲဒီပုဂ္ဂိုလ်တွေနဲ့ တွေ့ဖို့ အစီအစဉ် ရှိမရှိကိုတော့ မစ္စတာ မိုက်ကယ်လ်တီးနီးက အခုလို ဖြေဆိုသွားပါတယ်။

သက်ဆိုင်သူတွေနဲ့ မြန်မာလူမှုအသိုင်းအဝိုင်းရဲ့ အမြင်တွေကိုလည်း အင်ဒိုနီးရှားကိုယ်စားလှယ် အဖွဲ့အနေနဲ့ တွေ့ဖို့ စီစဉ်ထားပါတယ်တဲ့။ အစီအစဉ် အသေးစိတ်ကတော့ ညှိနှိုင်းနေဆဲ ဖြစ်ပါတယ်လို့ ပြောဆိုသွားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နိုင်ငံရေး နှိပ်ကွပ်မှုတွေကြောင့် နိုင်ငံတကာက ဝေဖန်နေကြတဲ့ အတွက် မြန်မာနိုင်ငံသာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူခဲ့မယ်ဆိုရင် အာဆီယံအသင်းကြီးအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံရေးနယ်ပယ်မှာ ထိခိုက်လာနိုင်သလို အာဆီယံအတွက်လည်း မျက်နှာပျက်စရာဖြစ်မယ်လို့ လူ့အခွင့်အရေးအဖွဲ့ အတော်များများကတော့ ဝေဖန်နေကြတာပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးကို ရှေ့ရှုတဲ့ အပြောင်းအလဲတွေ တကယ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံအနေနဲ့ အရင်ဖိအားပေးဖို့ လိုတယ်လို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းက ဆော်သြနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG