သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာညွန့်ပေါင်းတပ် အာဖဂန်ရောက်တာ ၁၀နှစ်ပြည့်


နိုင်ငံတကာညွန့်ပေါင်းတပ် အာဖဂန်ရောက်တာ ၁၀နှစ်ပြည့်

မြောက်အတ္တလန်တိတ် စစ်စာချုပ်အဖွဲ့ နေတိုးက အာဖဂန်နစ္စတန်ရဲ့ လုံခြုံရေး တာဝန်ယူထားမှုကို အာဖဂန်အစိုးရထံ လွှဲပြောင်းပေးဖို့ စီစဉ် ဆောင်ရွက်နေတဲ့ အချိန်မှာပဲ အမေရိကန်တပ်ဖွဲ့တွေ နိုင်ငံထဲကို ၀င်ရောက်ခဲ့တဲ့ ၁၀ နှစ် ပြည့် အထိမ်းအမှတ်ဖြစ်တဲ့ ဒီကနေ့ မတိုင်ခင် မနေ့တုန်းက အာဖဂန်နစ္စတန်ရဲ့ မြို့တော် ကာဗူးမှာ မြို့တွေပေါ်တက်ပြီးတော့ ရာနဲ့ချီတဲ့ လူအုပ်ကြီးက နိုင်ငံတကာတပ်ဖွဲ့တွေ နိုင်ငံထဲကနေ ချက်ခြင်း ဆုတ်ခွာပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။

နေတိုးအဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် အဲန်ဒါဖော့စ် ရပ်စ် မူဆင်ကတော့ လွှဲပြောင်းပေးရေး ကိစ္စဟာ နှောင့်နှေးကြန့်ကြာလိမ့်မယ် မဟုတ်ဘူးလို့ ပြောပါတယ်။ ညွန့်ပေါင်းတပ်ဖွဲ့က နိုင်ငံရဲ့ လုံခြုံရေးတာဝန်တွေကို အာဖဂန်နစ္စတန်ရဲ့ ရဲတပ်ဖွဲ့နဲ့ စစ်တပ်ရဲ့လက်ထဲကို စတင် လွှဲပြောင်း ပေးနေပြီ ဖြစ်ပြီး နိုင်ငံခြား တိုက်ခိုက်ရေး တပ်ဖွဲ့တွေဟာ ၂၀၁၄ ခုနှစ်၊ နှစ်ကုန်မှာ နိုင်ငံကနေ ထွက်ခွာသွားဖို့ ရှိပါတယ်။

အဲဒီနောက်ပိုင်းမှာလည်း အာဖဂန်တပ်ဖွဲ့တွေကို သင်တန်းပေးမှုတွေ ပံ့ပိုး လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ ရပ်စ် မူဆင်က ပြောပါတယ်။ သီးခြား ဖြစ်စဉ်တခုအနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယို ပန်နတာက ရပ်ဆဲလ်မြို့မှာ နေတိုး ကာကွယ်ရေးဝန်ကြီးတွေကို စကားပြောဆိုရာမှာ အမေရိကန်အနေနဲ့ တပ်ဖွဲ့ဝင်တွေ ထားရှိဖို့ကို လျှော့ချမှာဖြစ်ပေမယ့် နိုင်ငံတကာတပ်တွေအတွက် အရေးကြီးတဲ့ ကျန်းမာရေး ရွှေ့ပြောင်းသယ်ဆောင်ပေးတဲ့ တပ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ထောက်လှမ်းရေးမှာ အသုံးပြုတဲ့ ကိရိယာတွေကို ဆက်ပြီးတော့ ထားရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိအချိန်အထိ နိုင်ငံတကာတပ်ဖွဲ့ဝင် ၁ သိန်း၊ ၃ သောင်းကျော်ဟာ အာဖဂန်နစ္စတန် နိုင်ငံအတွင်းမှာ ရှိနေဆဲ ဖြစ်ပါတယ်။ အများစုကတော့ အမေရိကန် တပ်ဖွဲ့ဝင်တွေ ဖြစ်ပါတယ်။ ဒီကနေ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတဲ့ အာဖဂန်ပြည်သူတွေဟာ နိုင်ငံအတွင်းကို ကျူးကျော်ဝင်ရောက်မှုကို ရှုတ်ချခဲ့ကြသလို အရပ်သားတွေ သေဆုံးမှုကိုလည်း အမေရိကန်နဲ့ နိုင်ငံတကာတပ်ဖွဲ့တွေကို ပြစ်တင် ဝေဖန်ခဲ့ကြပါတယ်။

ဆန္ဒပြတဲ့ အချိန်အတွင်း အမေရိကန်နိုင်ငံရဲ့ အလံကို မီးတင်ရှို့ခဲ့ကြပါတယ်။

XS
SM
MD
LG