သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ဦးသိန်းစိန် အကျဉ်းသား ၆,၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး


အင်းစိန်အကျဉ်းထောင်ရှေ့မြင်ကွင်း (ဓာတ်ပုံ၊ အေပီ အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၁)
အင်းစိန်အကျဉ်းထောင်ရှေ့မြင်ကွင်း (ဓာတ်ပုံ၊ အေပီ အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၁)

မြန်မာနိုင်ငံမှာ အကျဉ်းသား ၆,၃၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့ သီတင်းကျွတ်လပြည့်နေ့ကစပြီး လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တယ်လို့ ဒီကနေ့ သမ္မတရုံးကနေ ကြေညာထုတ်ပြန်ပါတယ်။ အသက်အရွယ်ကြီးသူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ၊ ကိုယ်လက်အင်္ဂါ ချို့တဲ့သူတွေ အပါအဝင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံခဲ့ရပြီး စည်းကမ်းနဲ့အညီနေတဲ့ အကျဉ်းသား ၆,၃၅၉ ယောက်ကို အောက်တိုဘာလ ၁၂ ရက်နေ့ကစပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်တယ်လို့ ဖေါ်ပြတဲ့ သမ္မတရုံး ထုတ်ပြန်ချက်ကို ပြည်တွင်းရုပ်သံသတင်းတခုမှာ ကြေညာသွားတာဖြစ်ပါတယ်။

ဒီလွှတ်ပေးမဲ့သူတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကနေတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်နှစ်ယောက် ပါမလဲဆိုတာကိုတော့ မသိရသေးပါဘူး။ မြန်မာအစိုးရသစ်အနေနဲ့ နိုင်ငံတကာက လိုလား တောင်းဆိုချက်တွေကို လေးစားတယ်ဆိုတာ ပြသဖို့အတွက် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံအရေး မဆွေးနွေးခင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသင့်တယ်လို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Thomas Ojae Quintana က တနင်္လာနေ့ကပဲ VOA မြန်မာပိုင်းကို ပြောပါတယ်။

လာမယ့် အောက်တိုဘာလ ၁၉ ရက်နေ့ကျရင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေကို ဆွေးနွေးဖို့ ရှိနေပါတယ်။ Mr. Quintana ဟာ ပြီးခဲ့တဲ့ August လကပဲ မြန်မာနိုင်ငံကို သွားခဲ့ပြီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားအချို့နဲ့လည်း သူတွေ့ဆုံခဲ့ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေအနေနဲ့ ပြန်လည် လွတ်မြောက်လာတဲ့ အခါမှာလည်း နိုင်ငံရေးကို လွတ်လွတ်လပ်လပ် ပါဝင်လှုပ်ရှား ဆောင်ရွက်ခွင့်ရဖို့ အရေးကြီးတယ်လို့လည်း Mr. Quintan က ပြောပါတယ်။ မြန်မာနိုင်ငံက ပြောင်းလဲမှုတွေ အရှိန်အဟုန် ကောင်းဖို့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးရမယ်လို့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell ကလည်း တနင်္လာနေ့ကပဲ ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသား မြန်မာနိုင်ငံမှာ မရှိပါဘူးလို့ တောက်လျှောက်ပြောနေတဲ့ မြန်မာနိုင်ငံမှာတော့ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများဆိုတဲ့ အသုံအနှုန်းကို သုံးလာတာ တွေ့ရပါတယ်။

ဒီကနေ့ထုတ် အစိုးရသတင်းစာတွေထဲမှာ သမ္မတကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပေးပို့ခဲ့တဲ့ မေတ္တာရပ်ခံစာကို ဖေါ်ပြထားပါတယ်။

အဲဒီထဲမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နဲ့ တချို့နိုင်ငံတွေရဲ့ တောင့်တချက်တခုက ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများလို့ သူတို့ ဖော်ညွှန်းတဲ့ အကျဉ်းထောင်တွင်း ရှိနေသူများကို လွှတ်ပေးရေးဖြစ်တယ်လု့ိ ပြောထားပါတယ်။ အဲဒီသူတွေအနက် နိုင်ငံတော် တည်ငြိမ်ရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကို ထိပါးမယ့်၊ တိုင်းရင်းသား အကျိုးစီးပွားကို ထိပါးမယ့် အန္တရာယ်မရှိနိုင်တဲ့ အကျဉ်သားတွေကို လွှတ်ပေးဖို့အတွက် သမ္မတကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မေတ္တာရပ်ခံထားချက်ကို အစိုးရ သတင်းစာတွေထဲမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG