သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေး စိုးရိမ်ရဆဲ


မြန်မာနိုင်ငံ လူ့အခွင့်အရေး စိုးရိမ်ရဆဲ
မြန်မာနိုင်ငံ လူ့အခွင့်အရေး စိုးရိမ်ရဆဲ

မြန်မာနိုင်ငံတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ရှိလာတာကို အသိအမှတ်ပြုပေမယ့် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ လုပ်ဆောင်စရာတွေ အတော် ကျန်နေသေးတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ကျူးလွန်ခဲ့တာတွေအပါအဝင် နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ မြန်မာနိုင်ငံအနေနဲ့ မလုပ်ဆောင်ဘူးဆိုရင် နိုင်ငံတကာအနေနဲ့ ဆောင်ရွက်ဖို့ တာဝန်ရှိနေတယ်လို့ လူ့အခွင့်အရေးကိုယ်စားလှယ်က ကုလသမဂ္ဂ၊ အထွေထွေညီလာခံကို တိုက်တွန်းသွားပါတယ်။ အသေးစိတ်ကိုတော့ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေပေမယ့် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စိုးရိမ်စရာတွေ ကျန်နေတုန်းပဲလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနားက ကုလသမဂ္ဂ အထွေထွေညီလာခံကို တင်ပြသွားခဲ့တာပါ။ အထွေထွေညီလာခံရဲ့ တတိယကော်မတီ အစည်းအဝေးမှာ မြန်မာ့လူ့အခွင့်အရေးကိစ္စကို မနေ့က ဆွေးနွေးကြရာမှာ နိုင်ငံရေး အသွင်ကူးပြောင်းမှုတရပ်မှာ အတိတ်တုန်းကဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရော၊ အခုလက်ရှိဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုပါ အာဏာပိုင်တွေအနေနဲ့ ဖြေရှင်းကိုင်တွယ်ဖို့ လိုအပ်မယ်ဆိုတဲ့အချက်ကို မစ္စတာကင်တာနားက အလေးပေး ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ တိုင်ကြားမှုတွေ ဆက်လက်ခံရနေတုန်းပဲလို့လည်း မစ္စတာကင်တာနားက ပြောပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးပြီး အရေးယူမှုတွေကို သီးခြားလွတ်လပ်စွာ ရပ်တည်ပြီး ဘက်မလိုက်တဲ့၊ ယုံကြည်ကိုးစားလောက်တဲ့ အဖွဲ့အစည်းတရပ်ကနေ ပြုလုပ်ပေးသင့် ပါတယ်။ အခုလိုလုပ်ဆောင်ရာမှာ အဆင့်ဆင့်ပြုပြင်ပြောင်းလဲမှုတွေ၊ နစ်နာကြေးတွေ၊ ပြန်လည်ပျိုးထောင်ပေးနိုင်ဖို့ အစီအစဉ်တွေကို ဖော်ဆောင်ပေးဖို့ လိုပါတယ်။ စုံစမ်းစစ်ဆေးပြီး အပြစ်ရှိတဲ့သူတွေကို နိုင်ငံတကာလူ့အခွင့်အရေး ချိုးဖောက်မှု ဥပဒေတွေအရ ပြစ်ဒဏ်ချမှတ်ရမှာ ဖြစ်ပါတယ်။ ဒါမှလည်း အခုလို ဥပဒေချိုးဖောက်မှုတွေ ထပ်မဖြစ်ရအောင် ဟန့်တားနိုင်မှာဖြစ်ပါတယ်။ ဥပဒေချိုးဖောက်ခံရတဲ့သူတွေကိုလည်း ထိုက်သင့်သလို နစ်နာကြေးတွေ ပေးရမှာဖြစ်ပါတယ်။ အခုလိုမျိုး အရေးယူ ဆောင်ရွက်မှုတွေကို အစိုးရက တာဝန်ယူလုပ်ဆောင်ပေးနိုင်ခြင်းမရှိရင် နိုင်ငံတကာက ဆက်လက်တာဝန်ယူသွားရမှာ ဖြစ်ပါတယ်”

မြန်မာအစိုးရအနေနဲ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းလိုက်တာကို ကြိုဆိုလိုက်ပေမယ့် ဒီကော်မတီကို ဖွဲ့စည်းမှု၊ လုပ်ထုံးလုပ်နည်း စတာတွေမှာ နိုင်ငံတကာစံနှုန်းနဲ့ ကိုက်ညီမညီဆိုတဲ့ နေရာမှာတော့ မစ္စတာကင်တာနားက သံသယရှိတာတွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီ ကော်မရှင်အနေနဲ့ အထွေထွေညီလာခံက အတည်ပြုထားတဲ့ principal ပဲရစ် အခြေခံဥပဒေသ အတိုင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တရပ်အနေနဲ့ ရှိသင့်ရှိထိုက် လုပ်သင့်လုပ်ထိုက်ရမယ့် သတ်မှတ်ချက်တွေအတိုင်း ဖြစ်ဖို့ လိုအပ်မယ်လို့ မစ္စတာကင်တာနားက အကြံပြုပါတယ်။

တရားရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ သိသိသာသာမတွေ့ရတဲ့အပေါ်မှာလည်း စိုးရိမ်စရာ ဖြစ်ရတယ်လို့ မစ္စတာကင်တာနားက မှတ်ချက်ပြုပါတယ်။ အထူးသဖြင့်တော့ တရားရေးပိုင်းဆိုင်ရာကို အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်တာ၊ တရားရေးလွတ်လပ်ခွင့် ကင်းမဲ့တဲ့အချက်တွေကို ပြင်ဖို့ လိုမယ်လို့ ထောက်ပါတယ်။

“တရားရေးစနစ်ဟာ လွတ်လပ်မှုမရှိသလို ဘက်လိုက်မှုလည်းရှိနေတယ်လို့ ကျနော်ယုံကြည်ပါတယ်။ ဒါ့အပြင် တရားရေးစနစ်ကို ပီပြင်အောင် ဖော်ဆောင်နိုင်မယ့် အခြေခံစွမ်းအင်လည်း မရှိပါဘူး။ ရာဇဝတ်မှုခင်းတွေကို တခါးပိတ်စစ်ဆေးနေဆဲရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ကျနော် စိုးရိမ်မိပါတယ်။ ဒါ့အပြင် နိုင်ငံရေးကြောင့် ဖမ်းဆီးခံရသူတွေကိုယ်စား ရှေ့နေလိုက်ပေးကြသူတွေကိုလည်း ကျိုးကြောင်းမဲ့ လိုင်စင်သိမ်းခြင်း ခံခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ပေးဖို့ မြန်မာအစိုးရကို ကျနော်တိုက်တွန်းလိုတာက တရားခံတွေ ရှေ့နေကိုယ်စားပြုခွင့် ရရှိစေဖို့နဲ့ ရှေ့နေတွေကိုလည်း သူတို့ရဲ့လုပ်ငန်းတွေမှာ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကျနော် အရင်က တင်ပြပြီးဖြစ်တဲ့ တရားစီရင်ရေးစနစ်မှာ သီးခြားလွတ်လပ်ခွင့်ရှိဖို့ ဘက်မလိုက်ဖို့ကိုလည်း ထပ်မံတိုက်တွန်းလိုပါတယ်။ အခုလို လုပ်ဆောင်နိုင်ဖို့ တရားစီရင်ရာမှာ တရားခံတွေရဲ့အခွင့်အရေးတွေကို လေးစားပါ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့အမှုတွေကို စစ်ဆေးရာမှာ တခါးပိတ်မစစ်ဆေးဖို့တို့ ပါဝင်ပါတယ်”

ဒါပေမယ့်လည်း မကြာမီလပိုင်းအတွင်းမှာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အလေးထား ဆောင်ရွက်လာမှုတွေကိုလည်း မစ္စတာကင်တာနားက အသိအမှတ်ပြုပါတယ်။

“မြန်မာအစိုးရက ပြုပြင်ပြောင်းလဲဖို့နဲ့ သမ္မတဦးသိန်းစိန် လျာထားတဲ့ ဦးစားပေးမှုတွေအတွက် ကျနော် အားတက်မိပါတယ်။ အဲဒီအထဲမှာ အခြေခံလူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ တရားဥပဒေ စိုးမိုးရေးကို လေးစားဖို့၊ သီးခြား ဘက်မလိုက်တဲ့ တရားစီရင်ရေးစနစ်ကို ဖော်ဆောင်ဖို့ စသဖြင့် ပါဝင်ပါတယ်။ မကြာသေးခင်က သမ္မတဦးသိန်းစိန်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး လွှတ်ပေးခဲ့တဲ့ အကျဉ်းသားတွေထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ ပါဝင်ပါတယ်။ ”

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အစိုးရသစ်အတွက် စမ်းသပ်ချက်တခုဖြစ်လိမ့်မယ်လို့ မစ္စတာ ကင်တာနားက ပြောပါတယ်။ အထူးသဖြင့် ဒီကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ အစုအဖွဲ့ အားလုံး ပါဝင်ခွင့်ရဖို့လိုသလို ဒီရွေးကောက်ပွဲမတိုင်ခင်မှာ နိုင်ငံရေးအကျဉ်းသားတွေ လုံးဝမရှိဖို့လိုမယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူတွေ အများအပြားရှိနေဆဲ ဖြစ်တယ်ဆိုတဲ့ အချက်က ကျနော့်အတွက်ရော၊ နိုင်ငံတကာအတွက်ပါ အဓိကစိုးရိမ်မကင်းဖြစ်မှုပါပဲ။ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ခြင်း ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အရေးကြီးပါတယ်။ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ထောင်တွေထဲမှာ မရှိသင့်တော့ပါဘူး”

အခုလို ပြည်တွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အချိန်မှာ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလာနေတာကြောင့် ဒီအချက်တွေကြည့်မယ်ဆိုရင် လူ့အခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာအစိုးရမှာ လုပ်စရာတွေ အများကြီးကျန်သေးတယ်လို့ မစ္စတာကင်တာနားက ယူဆပါတယ်။ အစိုးရသစ်လက်ထက် တိုင်းရင်းသားဒေသ တိုက်ပွဲတွေကြောင့် ဆိုးဝါးတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။

“နယ်စပ်ဒေသတွေမှာ၊ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ အရပ်သားတွေကို တိုက်ခိုက်တာ၊ တရားဥပဒေမဲ့ သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာ၊ တရားဥပဒေမဲ့ ဖမ်းဆီးမှုတွေ၊ လူတွေ အိုးမဲ့အိမ်မဲ့ ထွက်ပြေးရတာတွေ၊ မြေယာတွေကို အတင်းအဓမ္မ သိမ်းပိုက်တာတွေ၊ ကလေးစစ်သားတွေ အတင်းအဓမ္မစုဆောင်းတာမျိုး၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေတာ၊ ပေါ်တာဆွဲတာတွေ စသဖြင့် ပါဝင်ပါတယ်။ ဒါ့အပြင် မြေမြှုပ်မိုင်းတွေကို မြန်မာအစိုးရစစ်တပ်ကရော အစိုးရမဟုတ်တဲ့တပ်တွေကပါ သုံးနေကြတယ်ဆိုတဲ့သတင်းတွေ ကျနော်တို့ ဆက်ရရှိနေပြီး သေဆုံးဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ သိရပါတယ်”

မစ္စတာကင်တာနားအနေနဲ့ လာမယ့် မတ်လ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာသစ် ပြန်လည်တင်သွင်းမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီမတိုင်ခင် သူ့အနေနဲ့ မြန်မာပြည်ကို ထပ်ပြီး သွားရောက်စစ်ဆေးခွင့်ရဖို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောပါတယ်။

XS
SM
MD
LG