သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကိုနိုင် ၄၉ နှစ်မြောက် မွေးနေ့


မင်းကိုနိုင် ၄၉ နှစ်မြောက် မွေးနေ့
မင်းကိုနိုင် ၄၉ နှစ်မြောက် မွေးနေ့

ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ ၁၉၈၈ ကစလို့ ဦးဆောင် လှုပ်ရှားလာတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ဒီကနေ့ အသက် ၄၉ နှစ်ပြည့် မွေးနေ့ကိုတော့ သူ့ကိုဖမ်းဆီးထားရာ ရှမ်းပြည်နယ်၊ ကျိုင်းတုံ အကျဉ်းထောင်ထဲမှာ ကုန်လွန်နေရပါတယ်။ အထင်ရှားဆုံး နိုင်ငံရေးအကျဉ်းသားတဦးလည်းဖြစ်တဲ့ ကက မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်ရဲ့ မွေးနေ့မှာပဲ သူအပါအဝင် တခြား ဖမ်းဆီးခံထားရသူတွေ ပြန်လည် လွတ်မြောက်လာစေဖို့ ရည်ရွယ်ပြီး မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ကို ခင်မင်လေးစားသူ ထောင်ပေါင်းများစွာကတော့ ရန်ကုန်မြို့မှာ ဒီကနေ့ စုဝေးခဲ့ကြတာပါ။ ကမာရွတ်မြို့နယ်ထဲမှာရှိတဲ့ သမိုင်း ပရိယတ္တိ မြို့မစာသင်တိုက်မှာ ကိုမင်းကိုနိုင် မွေးနေ့အဖြစ်နဲ့ စုဝေးခဲ့ကြတဲ့အကြောင်း အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေရဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက စုံစမ်းတင်ပြထားပါတယ်။

ရှမ်းပြည်နယ်၊ ကျိုင်းတုံအကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးရေး ရည်ရွယ်ချက်တွေနဲ့၈၈ မျိုးဆက်ကျောင်းသားတွေအပါအဝင ်ဒီမိုကရေစီရေးအင်အား စုတွေက ကိုမင်းနိုင်ရဲ့ ၄၉ နှစ်မြောက်မွေးနေ့ကို ကျင်းပခဲ့တာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟန်ဝင်းအောင်က ပြောပါတယ်။

“မွေးနေ့ပွဲမတိုင်ခင်မှာ ပထမဦးဆုံး ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ဒီမိုကရေစီအင်အားစု အသီးသီးကို ခေါ်ယူပြီးတော့ ဒီနေ့ကို ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လုပ်မလဲ၊ ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်မယ်ဆိုတာကို ဆွေးနွေးကြပါတယ်။ ဆွေးနွေးပြီးမှ အားလုံး ညီညီညာညာနဲ့ လုပ်ကြတဲ့ ပွဲပါ။ ဆွေးနွေးချက်တွေက ထွက်ပေါ်လာတဲ့ရလဒ်က တစ်က - နိုင်ငံရေး ယုံကြည်ချက်အရ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အခု ထောင်အသီးသီးမှာ ရှိနေတယ်ပေါ့ဗျာ။ အဲဒီထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့အတူတူ မိမိတို့ဟာ တထပ်တည်း၊ တသားတည်း ရှိနေတယ်ဆိုတဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော်တဲ့ရည်ရွယ်ချက် တခုဖြစ်တယ်။ ဒီမိုကရေစီရေး တိုက်ပွဲ မပြီးသေးတဲ့အချိန်မှာ ကျောင်းသားထုက ကျရာကဏ္ဍကနေ အဆင့်တိုင်းမှာ ပါဝင်တယ် ဆိုတာကို ထုတ်ဖော်တာဖြစ်တယ်။ နောက် နောက်တချက်ကတော့ ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်မြောက်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် ၃ ချက်နဲ့ ကျင်းပတာပါ”

ဒီပွဲကို ထောင်နဲ့ချီရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ တက်ရောက်ခဲ့ကြပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုမင်းကိုနိုင်လို သားမျိုးကို မွေးထုတ်ပေးတဲ့ မိဘ၂ ပါးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး ပြန်လွှတ်ပေးဖို့အတွက်ကို တောင်းဆိုသွားပါတယ်

“ပထမဦးဆုံးအနေနဲ့ ကျမတို့ကနေပြီးတော့ ကိုမင်းကိုနိုင်ရဲ့မွေးနေ့မှာ ကိုမင်းကိုနိုင်ရဲ့ မိသားစုကို ဂုဏ်ပြုချင်ပါတယ်။ ဒီလိုသားတယောက်ကို ဒီလောက် နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့တာ၊ ထောက်ခံခဲ့တာ၊ ဒီလိုပျိုးထောင်ပေးတာတွေအတွက် မိသားစုကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။ လူငယ်တွေအတော်များများဟာ အခုချိန်ထိ အကျဉ်းကျရာကနေပြီးတော့ မလွတ်မြောက်သေးပါဘူး။ လွတ်မြောက်ဖို့အတွက်လည်း ကျမတို့ ဆက်ပြီး ကြိုးစားသွားမှာပါ။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားများကို ဘာလို့ လွတ်မြောက်စေချင်လဲ ဆိုရင် ကျမတို့နိုင်ငံဟာ တကယ်ကို လွတ်မြောက်တဲ့တိုင်းပြည် ဖြစ်ပြီးတော့ ကျမတို့နိုင်ငံဟာ တကယ်ကို အဂတိတရား ၄ ပါးကနေ ကင်းလွတ်ပြီးတဲ့တိုင်းပြည် ဖြစ်စေချင်လို့ပါ။ ဒါကြောင့်မို့လို့ အကျဉ်းမကျ-အကျဉ်းမချထားသေးတဲ့လူတွေကို မချတာလည်း အဂတိတရား ၄ ပါးက လွတ်ကင်းတဲ့ထဲမှာ ပါပါတယ်။ နောက်ပြီး လွှတ်သင့်တဲ့လူတွေ လွတ်ရမယ်၊ လွှတ်ရမယ့်ကိစ္စကို လွှတ်ရမယ်ဆိုပြီးတော့ ဒါကို ကျမတို့က ဦးတည်ပြီးတော့ ပြောနေတာ ဖြစ်ပါတယ်။”

ဒီပွဲကို နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း တက်ရောက် စကားပြောဆိုခဲ့ကြပါတယ်။

ထောင်ဒဏ် ၁၅ နှစ်ကျခံခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ပြန်လည်လွတ်မြောက်လာတဲ့ ဗကသများအဖွဲ့ချုပ် စည်းရုံးရေးကော်မတီ အဖွဲ့ဝင်ဖြစ်တဲ့ ကိုသက်ဦးက ကိုမင်းကိုနိုင်ရဲ့ ထူးခြားတဲ့စိတ်ဓါတ်တွေနဲ့ပတ်သက်ပြီး ပြောပြတာကတော့ -

“၈၈ ကာလတုန်းကပေါ့၊ ၈၈-၈၉ ပထမတကြိမ်၊ အဖမ်းမခံရခင်ကာလအထိမှာ သူ့ရဲ့လုပ်ဆောင်ချက်တွေမှာ သူဟာ ဆက်တိုက် မရပ်မနား စွမ်းဆောင်ခဲ့တယ်။ အားလုံး တွေ့ဆုံစရာရှိတာ တွေ့ဆုံတယ်၊ ပြောဆိုစရာရှိတာ ပြောဆိုတယ်၊ မရပ်မနား အလုပ်လုပ်တဲ့ဥစ္စာက သူ့ကို လေးစားစရာ အကောင်းဆုံးပဲ။ သူ့ရဲ့ယုံကြည်ချက်အရ ပြောတဲ့ဥစ္စာအားလုံးဟာ ပြတ်ပြတ်သားသား ရှိတယ်။ သူတို့အုပ်စုထဲမှာပိုဆိုရင် ပိုပြီး ပြတ်ပြတ်သားသားသဘောထားကို သူက အမြဲတမ်းပြောဆိုလေ့ရှိတယ်။ အားလုံးအပေါ်ကို စည်းရုံးရေးအသွင်သဏ္ဍန်ဆောင်တဲ့ ပုံသဏ္ဍန်မျိုးနဲ့ အားလုံးကို စည်းစည်းရုံးရုံးနဲ့ လက်တွဲခေါ်နိုင်တဲ့လူတယောက်လို့မြင်တယ်။ သူ့ရဲ့ဆုံးဖြတ်ချက်တွေ၊ သူ့ရဲ့ယုံကြည်ချက်တွေဆိုရင် သူဟာ အပြောင်းအလဲပုံသဏ္ဍန် ဘယ်တော့မှ မရှိဘူး။ တသမတ်တည်းသွားတယ်။ ဒါကြောင့်မို့ သူ့ကို အာဏာပိုင်မှတ်ချက်မှာ ခေါင်းမာတတ်သော လူတယောက်ဆိုပြီးတော့ အာဏာပိုင်ရဲ့မှတ်ချက်မှာရှိပါတယ်။ ထောင်တွင်းရပ်တည်ချက် အရမ်းကောင်းပါတယ်”

ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ကို ရန်ကုန်အပါအပင် နယ်မြို့အသီးသီးမှာလည်း အနည်းဆုံးဆွမ်းကျွေးဒါနလုပ်ပြီး ကျင်းပခဲ့ကြပါတယ်။ အလားတူပဲ ထိုင်းမြန်မာနယ်စပ်က နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းအပါအဝင် နိုင်ငံတကာက မြန်မာ့ဒီမိုကရေစီ အင်အားစုတွေကလည်း မလွတ်မြောက်သေးတဲ့နိုင်ငံရေး အကျဉ်းသားတွေအတွက် တောင်းဆိုတဲ့အနေနဲ့ သူရဲ့မွေးနေ့ပွဲကို နေရာအသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ကို ပြန်လွတ်ပေးရေး ကိစ္စတွေကို ကမ္ဘာကုလသမဂအပါအဝင် နိုင်ငံတကာကတော့ မြန်မာအစိုးရသစ်ကို အစဉ်တစိုက်ေတောင်းဆိုနေခဲ့တာလည်းဖြစ်ပါတယ်။

XS
SM
MD
LG