သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်းကိုနိုင်အကြောင်း တစေ့တစောင်း


မင်းကိုနိုင်အကြောင်း တစေ့တစောင်း
မင်းကိုနိုင်အကြောင်း တစေ့တစောင်း

မင်းကိုနိုင်

မြန်မာ့ဒီမိုကရေစီရေးအတွက် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွေမှာ ကျောင်းသားခေါင်းဆောင် အဖြစ်နဲ့ စတင်ပါဝင် လှုပ်ရှားလာခဲ့တဲ့ ကိုမင်းကိုနိုင်ဟာ သူ့ရဲ့ ဘဝအချိန် အတော်များများကို တော့ အကျဉ်းထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရတာပါ။ အခုအခါမှာလည်း သူ့ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကြောင့်ပဲ ဆက်လက် ဖမ်းဆီးခံနေရဆဲဖြစ်ပါတယ်။ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ဘဝအကြောင်း တစေ့တစောင်းနဲ့ သူဟာ ဘယ်လိုလူစားလဲ ဆိုတာ သူနဲ့လက်တွဲလှုပ်ရှားခဲ့ကြသူတွေ၊ ခင်မင်ရင်းနှီးသူတွေ ပြောပြထားတာတွေကိုတော့ ကိုကျော်ကျော်သိန်းက စုစည်း တင်ပြပေးထားပါတယ်။

တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ဘယ်ကျွန်မှ မခံ၊

ဒေါင်းအလံဟေ့-

ကျောင်းနံရံတဝိုက်၊ ဒေါင်းအလံ ပြန်စိုက်မယ်။

အဲဒါကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကိုယ်တိုင် သူ့ကဗျာ တပိုင်းတစကို ရွတ်သွားတဲ့အသံပါ။ ၈ လေးလုံး လူထုလှုပ်ရှားမှုအရေးတော်ပုံကြီး ပြီးတဲ့နောက် ၁၉၈၉ နှစ်မှာ ပထမတကြိမ် အဖမ်းခံခဲ့ရပြီး ၁၆ နှစ် နီးပါးအကြာ ၂၀၀၄ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပြီးချိန်ကာလအတွင်း ရွတ်ဆိုခဲ့တာပါ။

“မင်းကိုနိုင်” ဆိုတဲ့နာမည်ဟာ ၈ လေးလုံးအရေးတော်ပုံနဲ့အတူ မွေးဖွားလာခဲ့တာဖြစ်ပြီး သူ့ရဲ့နာမည်ရင်း ကတော့ ကိုပေါ်ဦးထွန်းပါ။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန် တက္ကသိုလ်ဝင်းထဲမှာရှိတဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂအဆောက်အဦး တည်ရှိခဲ့ရာ မြက်ခင်းပြင်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်ကို ပြန်လည်ဖွဲ့စည်းခဲ့ချိန်မှာ ဥက္ကဋ္ဌအဖြစ် ကိုမင်းကိုနိုင်ကို ကျောင်းသားထုက ရွေးချယ်ခဲ့ကြပါတယ်။

၈ လေးလုံး လူထုလှုပ်ရှားမှုမှာ ထိပ်တန်းကနေ ဦးဆောင်သူတဦးအဖြစ် လုပ်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှာ အဲဒီအချိန် စစ်အစိုးရက ဖမ်းဆီး အကျဉ်းချခဲ့တာဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာ ပြန်လွတ်လာခဲ့ပြီးတဲ့နောက် ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ဆက်လုပ်ခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာပဲ နောက်ကြည့်မှန်ဆိုတဲ့ ဝတ္ထုရှည်တပုဒ်ကိုလည်း ရေးသားခဲ့ပါသေးတယ်။ ၈ လေးလုံး လှုပ်ရှားမှုကို နောက်ခံထားပြီးတော့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ် ကျောင်းသားတယောက်အကြောင်းကို ရေးဖွဲ့ထားတဲ့ ဝတ္ထုဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ သူ့ရဲ့ ၄၇ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေခဲ့တာပါ။

ကိုမင်းကိုနိုင်ဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတဦး၊ တနည်းအားဖြင့် နိုင်ငံရေး လုပ်ဆောင်သူ တဦးဖြစ်ရုံသာမက ရသဖန်တည်းမှုကို မွေ့လျော် ပျော်ဝင်သူတဦးလည်း ဖြစ်တယ်ဆိုတာကို သူရေးခဲ့တဲ့ ကဗျာတွေ၊ ဝတ္ထုတွေကနေ တွေ့ရပါတယ်။ နောက်ကြည့်မှန်ဝတ္ထုကို ဖတ်ပြီးတဲ့အခါမှာ မင်းကိုနိုင်ဆိုတဲ့ လူတယောက်ရဲ့ ရုပ်ပုံကားချပ်ကို ပိုပြည့်စုံအောင် တွေ့လိုက်ရသလို ၈ လေးလုံး အရေးတော်ပုံနဲ့ မြန်မာပြည်ရဲ့ လက်ရှိအခြေ အနေတွေကိုပါ မီးမောင်းထိုးပြနိုင်စွမ်းရှိတယ်လို့ ဆိုသူက ဝတ္ထုကို ကိုယ်တိုင်ဖတ်ထားသူ ဖြစ်တဲ့ ကိုဝေလင်းထွန်းခေါ် ကဗျာဆရာ နှင်းခါးမိုးပါ။

“ဒီဝတ္ထုမှာကြည့်လိုက်ရင် သူက နိုင်ငံရေးမိန့်ခွန်း ပြောတာပဲဖြစ်ဖြစ်၊ ရသစာပေတခုခု၊ ကဗျာ ဝတ္ထုတခုခုကို ဖန်တီးတဲ့နေရာမှာပဲဖြစ်ဖြစ် အနာတွေ၊ အမုန်းတွေမပါအောင် သူက လုပ်နိုင်တယ်။ အဲဒါ သူ့ရဲ့ထူးခြားချက်၊ သူ့ရဲ့ အနာတွေ၊ အမုန်းတွေမပါဘူး။ သူပြောတဲ့စကားမှာပဲ ဖြစ်ဖြစ်၊ သူ့ရဲ့ဖန်တီးမှုတခုခုမှာပဲဖြစ်ဖြစ်။ ဒီ ဆယ်စုနှစ်နဲ့ချီပြီးတော့ ထောင်ထဲမှာ နေခဲ့ရတယ်။ သူ့ဘဝမှာ ဆုံးရှုံးခဲ့တာတွေ အများကြီးပဲ။ ဒါပေမဲ့ အဲဒီ အနာတွေ၊ အမုန်းတွေမပါအောင် သူ့ရဲ့စကားတွေ ဖန်တီးမှုတွေကို သူကလုပ်နိုင်တယ်။

“ပြီးတော့ ဘာတွေ့ရလဲဆိုတော့ ရိုးသားမှု၊ နူးညံ့မှု၊ ရှင်းရှင်းလင်းလင်းရှိမှုနဲ့ ခိုင်မာမှု၊ နောက် တခါ အတွေးတွေ ရေးဟန်တွေက ကိုယ်ပိုင်ရှိတယ်။ အဲဒီတော့ ဝတ္ထုဖတ်ပြီးတဲ့အခါမှာ ဘာတွေ့ရလဲဆိုတော့ မင်းကိုနိုင်ဆိုတာ လူဆန်တယ်၊ လူငယ်ဆန်တယ်၊ ပြီးတော့ သူ့ရဲ့ဖန်တီးမှုလေးတွေက လှတယ်၊ ပေါ့ပါးတယ်၊ ကြည်လင်တယ်၊ ပြီးတော့ သူက သူ့ဘဝအပေါ်မှာပဲဖြစ်ဖြစ်၊ သူ့အလုပ်အပေါ်မှာပဲဖြစ်ဖြစ်၊ သူ့ယုံကြည်မှုအပေါ်မှာပဲဖြစ်ဖြစ်၊ သူ့ရဲ့ ကံကြမ္မာပေါ်မှာပဲဖြစ်ဖြစ် ဘာမှ ရှု့ပ်ရှုပ်ထွေးထွေးမရှိဘူး၊ အဲဒါသွားတွေ့ရတယ်။”

ကိုမင်းကိုနိုင် ရေးစပ်သီကုံးပြီး ကိုယ်တိုင် သီဆိုထားတဲ့ ‘ပန်ထွာဧကရီ’ ဆိုတဲ့သီချင်းပါ။

ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားကျောင်းသားတွေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွေအတွက် ငြိမ်းချမ်း တဲ့နည်းနဲ့ ဖော်ဆောင်ဖို့ အခိုင်အမာ သန္နိဋ္ဌာန်ချထားသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသား များ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါ တယ်။

“ဒီလူတွေဟာ အကျဉ်းထောင်ရဲ့အပြင်မှာ ရှိနေတဲ့အချိန်မှာ တိုင်းပြည်ကို ဆူပူအောင် လုပ်မှာတော့ မဟုတ်ဘူး။ အမှန်တရားကို ဖော်ဆောင်မယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုပဲ ဦးစားပေးပြီးတော့ စွမ်းဆောင်မယ့် သူတွေ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင် ပထမတကြိမ် ၂၀၀၄ ခုနှစ် မှာ လွတ်လာပြီးတဲ့အချိန်မှာ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ လုပ်ဆောင်မှုကို ပြန်ကြည့်မယ်ဆိုရင် သူတို့က အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် ကိုပဲ သန္နိဋ္ဌာန်ချထားတယ်၊ ဒီဟာတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ပဲ ဖော်ဆောင် သွားမယ်ဆိုတာကို သူတို့လုပ်ဆောင်သွားတာတွေကို ကျနော်တို့ တွေ့ရပါတယ်။”

ကိုမင်းကိုနိုင်ကို ၁၉၉၉ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်နဲ့ ပူးတွဲပြီး ကနေဒါနိုင်ငံက John Humphrey လွတ်မြောက်ရေးဆု၊ ၂၀၀၀ ခုနှစ်မှာ ချက်သမ္မတနိုင်ငံ၊ People in Need Foundation က Homo Homini ဆု၊ ၂၀၀၁ ခုနှစ်မှာ နော်ဝေးနိုင်ငံက ကျောင်းသားငြိမ်းချမ်းရေးဆု၊ ၂၀၀၅ ခုနှစ်မှာ အမေရိကန်နိုင်ငံ၊ Train Foundation က လူမှု ရဲစွမ်းသတ္တိဆု၊ ၂၀၀၉ ခုနှစ်မှာ တောင်ကိုရီးယားနိုင်ငံက ဂွမ်ဂျူး လူ့အခွင့်အရေးဆုတို့ကို ချီးမြှင့်ခဲ့ပါတယ်။

XS
SM
MD
LG