ဂရိအစိုးရရဲ့ခြိုးခြံချွေတာရေး စီမံကိန်းကို မကျေနပ်လို့ ဆန္ဒပြကြတဲ့သူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ မနေ့တုန်းက အေသင်မြို့မှာ ပဋိပက္ခတွေဖြစ်ခဲ့ကြပါတယ်။ ထောင်နဲ့သောင်းနဲ့ချီတဲ့ အလုပ်သမားတွေဟာ ၂ ရက်ကြာ အထွေထွေသပိတ်မှောက် ဖို့ ဂရိလမ်းမတွေပေါ်ထွက်ခဲ့ကြပါတယ်။ ဂရိလွှတ်တော်အပြင်ဘက်က ရင်ပြင်မှာရှိနေတဲ့ရဲတွေကို အေသင်မြို့က ဆန္ဒပြသူတွေက ကျောက်ခဲတွေ၊ မီးလောင်ဗုံးတွေနဲ့ ပစ်ခဲ့ကြသလို ရဲတွေဘက်ကလည်း မျက်ရည်ယိုဗုံးတွေ မီးခိုးဗုံးတွေနဲ့ ပြန်ပစ်ခဲ့ပါတယ်။ လွှတ်တော်ရှေ့ကရင်ပြင်မှာ ဆန္ဒပြသူတွေ အနည်းဆုံး ၁၀၀,၀၀၀ လောက်ရှိပါတယ်။ တော်တော် များများက အစိုးရကိုနှုတ်ထွက်ပေးဖို့တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ထားကြပါတယ်။
ဒါပေမဲ့လည်း လွှတ်တော်မှာ အများစုဖြစ်တဲ့ ဆိုရှယ်လစ် လွှတ်တော်အမတ်တွေကတော့ ခြိုးခြံချွေတာရေး စီမံကိန်းကို အတည်ပြုပေးခဲ့ပါတယ်။ အဲဒီစီမံကိန်းကြောင့် အခွန်ကောက်တာတွေ တိုးမြှင့်မယ့်အပြင် အစိုးရအလုပ်တွေကိုလည်းလျှော့ချမှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို ဒီကနေ့မှာ နောက်ဆုံးအဆင့် မဲပေးကြမှာပါ။ တနိုင်ငံလုံးအတိုင်းအတာနဲ့ အလုပ်မဆင်းဘဲ ဆန္ဒပြတဲ့အနေနဲ့ သီစာလို နကီ (Thessaloniki၊ ပါထရပ်စ် ( Patras) နဲ့ ဟီရာကလီယွန် (Heraklion) မြို့တွေမှာလည်း ဆန္ဒပြသူ ၅၀,၀၀၀ လောက်က လမ်းမတွေပေါ် ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆရာဝန်တွေ၊ ကျောင်းဆရာတွေ အပြင် မုန့်ဖုတ်သမားတွေ၊ အငှားယာဉ်ပိုင်ရှင်တွေ၊ ဓာတ်ဆီဆိုင်အလုပ်သမားတွေပါမကျန် ၄၈ နာရီ ဆန္ဒပြပွဲကို ဆင်နွဲနေကြပါတယ်။ ဂရိနိုင်ငံရဲ့အကြွေးတွေ အကြီးအကျယ်တင်နေတဲ့ အကြပ်အတည်းကိုဖြေရှင်းဖို့ ပြင်သစ် သမ္မတ နီကိုလိုင်ဆာကိုဇီနဲ့ ဂျာမဏီဝန်ကြီးချုပ် အန်ဂလာမာကဲလ်တို့ ဆွေးနွေးကြဖို့ ဂျာမဏီနိုင်ငံ Frankfurt ဖရန်ခ်ဖာ့တ်မြို့ကို လာနေကြပါပြီ။