ဖြုတ်ချခံခဲ့ရတဲ့ လစ်ဗျားခေါင်းဆောင်ဟောင်း မွန်မာကဒါဖီရဲ့ သေဆုံးမှုကနေ အရှေ့အလယ်ပိုင်း ဒေသတလွှားမှာ ဘယ်တော့မှ ပြုတ်မကျဘူးလို့ ထင်နေတဲ့ တင်းတင်းကြပ်ကြပ် အုပ်ချုပ်တဲ့ အာဏာရှင်တွေကို သတိပေးလိုက်တယ်လို့ အမေရိကန်သမ္မတ ဘာရက်ခ်၊ အိုဘားမားက ပြောပါတယ်။
ဒီကနေ့ဟာ လစ်ဗျားသမိုင်းကြောင်းမှာ ထူးခြားတဲ့နေ့တနေ့ဖြစ်ပြီး လစ်ဗျားလူထုရဲ့တော်လှန်ရေး အောင်မြင်ခဲ့ပြီဖြစ်ကြောင်း လစ်ဗျားပြည်သူတွေကို သမ္မတအိုဘားမားက သမ္မတအိမ်ဖြူကနေ ကြာသာပတေးနေ့က ပြောကြားခဲ့တာပါ။ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းတဲ့လမ်းဟာ အခက်အခဲတွေနဲ့ ပြည့်နေတတ်ပေမယ့် အမေရိကန်နဲ့ နိုင်ငံတကာ အသိုက်အ၀န်းက မိတ်ဆွေတွေအဖြစ်နဲ့ ရပ်တည်ပေးသွားဖို့ ကတိပေးတယ်လို့ ဆိုပါတယ်။
အနာဂတ်လစ်ဗျားနိုင်ငံကို သိက္ခာရှိရှိ၊ လွတ်လပ်မှုနဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ဖို့အတွက် လစ်ဗျားနိုင်ငံသားတွေ လုပ်ဆောင်နေချိန်မှာ မိတ်ဆွေအဖြစ်နဲ့ ရပ်တည်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။ အခုအချိန်ဟာ လစ်ဗျားနိုင်ငံသားတွေအတွက် နိုင်ငံကို အားလုံးပါဝင်တဲ့ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့အတွက် တာဝန်ရှိလာပြီလို့ ဆိုပါတယ်။ ဒါ့အပြင် ကိုယ့်နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေကိုလေးစားဖို့၊ အန္တရာယ်ကြီးတဲ့ လက်နက်ကိရိယာတွေ လုံခြုံစိတ်ချရအောင် ထိန်းသိမ်းဖို့ နိုင်ငံတကာနဲ့လက်တွဲပြီး လုပ်ဆောင်ပါလို့လည်း တောင်းဆိုလိုက်ပါတယ်။
အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန်ကလည်း လစ်ဗျားနိုင်ငံ လွတ်မြောက်ရေးအတွက် နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာအောင် ကြိုးစားဖို့ အမေရိကန်နိုင်ငံကနေ ဆုံးဖြတ်လုပ်ဆောင်ခဲ့တဲ့အတွက် ကြိုဆိုခဲ့ပါတယ်။ အမေရိကန်နိုင်ငံက လစ်ဗျားလွတ်မြောက်ရေးအတွက် ဒေါ်လာ သန်း ၂ ထောင် ကုန်ကျခဲ့ပေမဲ့ အသေအပျောက် မရှိခဲ့ဘူးလို့ ဆိုပါတယ်။