ဖွံဖြိုးတိုးတက်မှုလို့ ဆိုတဲ့နေရာမှာ လွတ်လပ်မှုကို ချုပ်ခြယ်တာတွေမရှိမှသာ တိုးတက်ဖွံဖြိုးမှု ရှိနိုင်မယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ တရားမဲ့မှု၊ မမျှတမှု၊ အာဏာရှင်ဆန်မှု၊ လူထုအပေါ် တာဝန်ယူလိုစိတ်ကင်းမဲ့မှု ဒါတွေကို ဖယ်ထုတ်ရေးဟာ ဖွံဖြိုးတိုးတက်မှုအတွက် အရေးကြီးတယ်လို့ ပြောဆိုသွားတာပါ။ ဒါနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဖွံဖြိုးတိုးတက်မှုဆိုတဲ့နေရာမှာ အခြေခံလွတ်လပ်မှုတွေကို ချန်ထားလို့မရဘူးလို့ အမေရိကန်ပြည်ထောင်စု၊ မီရှိဂန်တက္ကသိုလ်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်တဲ့ Wallenberg ဆုပေးပွဲ အခမ်းအနား မိန့်ခွန်းထဲ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားတာပါ။ စီးပွားရေးနိုဘဲလ်ဆုရှင် ဒေါက်တာ Amartya Sen ရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ လွတ်လပ်မှု ဒွန်တွဲနေတယ် ဆိုတဲ့အမြင်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်တရပ်၊ လူ့အဖွဲ့အစည်းတရပ် ဖွံဖြိုးတိုးတက်လာရေးအတွက် ချုပ်နှောင်မှုတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
“ဖွံ့ဖြိုးရေးအတွက်ဆိုရင် အဓိကကျတဲ့ ချုပ်ခြယ်မှုတွေကို ဖယ်ရှားပစ်ဖို့လိုပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ဖို့ လိုသလို အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုတွေ အဆုံးသတ်ဖို့ လိုပါတယ်။ စီးပွားရေး လုပ်ပိုင်ခွင့်တွေ လိုအပ် သလို လူမှုရေးရပိုင်ခွင့်တွေလည်း စနစ်တကျရှိဖို့ လိုပါတယ်။ အများပြည်သူ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပျက်ကွက်တာတွေကို ဖယ်ရှားပစ်ဖို့သလိုပဲ မတူတဲ့အမြင် အယူအဆတွေအပေါ် သည်းခံမှုအားနည်းတာ၊ လိုတာထက်ပိုပြီး တုံ့ပြန်အရေးယူတဲ့ ဖိနှိပ်မှုတွေကိုလည်း ဖျောက်ပစ်ဖို့လိုပါတယ်။”
၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှု စတင်တဲ့အချိန်တုန်းက မြန်မာလူထုထဲ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို မသိသူ အတော်များများရှိခဲ့ပေမယ့် တကယ်တန်း မြန်မာလူထုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အနှစ်သာရကို နားလည် သဘောပေါက်နေကြပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ၁၉၈၈ ခုနှစ် အထက်မြန်မာပြည် မန္တလေးခရီးစဉ်တခုအတွင်း ဘာကြောင့် ဒီမိုကရေစီလိုချင်တာလဲဆိုတဲ့ မေးခွန်းအပေါ် ဈေးချိုက သူ့ကို ထောက်ခံသူတဦး ဖြေတာကို ဥပမာပြောပြီး မြန်မာလူထုရဲ့ ဒီမိုကရေစီအပေါ် နားလည်မှုကို ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြခဲ့တာပါ။
“အဲဒါမှာ သူ ရှင်းပြပါတယ်။ သူ့မှာ ဈေးဆိုင်ငယ်ကလေးရှိတယ်တဲ့၊ သူ့အနေနဲ့ သူ့စီးပွားရေးကို ရိုးရိုးသားသား လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်ရပြီး အာဏာပိုင်တွေ နှောင့်ယှက်မှာကို ကြောက်ရွံ့နေရတာတွေ မရှိဘဲ ကောင်းရောင်းကောင်းဝယ် လုပ်ကိုင်ချင်တာပါတဲ့။ ဒါကြောင့် ဒီလို အခြေခံ အခွင့်အရေးလေးတွေ ရလာရင်တော့ ကောင်းရာမွန်ရာ နေထိုင်လုပ်ကိုင်လို့ရမယ်လို့ သူယုံကြည်တဲ့ အကြောင်း ပြောပါတယ်။ သူဟာ တကယ်တော့ ဒီမိုကရေစီစနစ်ရဲ့ တကယ်အရေးကြီးတဲ့အချက်ကို နားလည်လိုက်တယ်လို့ ကျမ ယူဆမိပါတယ်။ ဒီမိုကရေစီဆိုတာ အဆုံးသတ်ပန်းတိုင်မဟုတ်ဘဲနဲ့ လူ့အဖွဲ့အစည်းတရပ် အောင်မြင်မှုအတွက် နည်းလမ်းတရပ်ဖြစ်ပါတယ်။”
တချိန်တည်းမှာပဲ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအတွင်းမှာ ကြောက်ရွံ့ခြင်းကနေ ကင်းဝေးဖို့ သူ့အနေနဲ့ လှုံ့ဆော်ပြောဆိုခဲ့ရတာဟာ ကြောက်ရွံ့မှုအခြေခံဟာ လွတ်လပ်မှု၊ လွတ်မြောက်မှုအတွက် အဓိက အတားအဆီးတခု ဖြစ်နေတာကြောင့်လို့ ပြောသွားပါတယ်။
“ကျမတို့လှုပ်ရှားမှုအတွက် ကြောက်ရွံ့ခြင်းကနေ လွတ်ကင်းဖို့ အဓိက ပြောနေရတဲ့ အကြောင်းကတော့ ဒါဟာ အခြားလွတ်မြောက်မှုတွေကို ဖွင့်ပေးနိုင်မယ့် အဓိက သော့ချက် ဖြစ်နေလို့ပါ။ ကြောက်ရွံ့မှုကြောင့် လူတွေဟာ ထုံထိုင်းပြီး ပြုသမျှ ခံနေရပါတယ်။ လူတွေကို ဘာမှ မလုပ်မကိုင်တတ်အောင် ဖြစ်စေပါတယ်။ ပြောဖို့ဆိုဖို့ ကြောက်ရွံ့နေရင် လွတ်လပ်စွာပြောဆိုခွင့်ရဖို့ ဘာမှ လုပ်နိုင်မှာမဟုတ်ပါဘူး။
မတရား မမျှတတာတွေကို ပြန်လည်စိန်ခေါ်ဖို့ စိုးရွံ့နေမယ်ဆိုရင် မိမိရဲ့ လွတ်လပ်စွာယုံကြည်မှုကို အကာအကွယ်လုပ်နိုင်မှာမဟုတ်ပါဘူး၊ ဒါ့အပြင် လူမှုရေး၊ စီးပွားရေးတွေလည်း ဖရိုဖရဲဖြစ်ပြီး ဘ၀ သေသွားပါလိမ့်မယ်”
မီရှီဂန်တက္ကသိုလ်ကပေးအပ်တဲ့ Wallenberg ဆုဟာ ဆိုရင် အများပြည်သူ လွတ်လပ်မှုအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းသူတွေကို ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ မီရှီဂန်တက္ကသိုလ်ရဲ့ ကျောင်းသားဟောင်း Raoul Wallenberg ကို ဂုဏ်ပြုပြီး ပေးအပ်တဲ့ဆုပါ။ Wallenberg ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း ဆွီဒင်နိုင်ငံရဲ့ သံတမန်တဦးအနေနဲ့ တာဝန်ယူရင်း နာဇီလက်ထဲက ဂျူးလူမျိုးတွေကို ကယ်တင်ပေးခဲ့သူဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဆုရတာ ၂၁ ဦးမြောက် ဖြစ်ပြီး နိုဘဲလ်ဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်လားမားနဲ့ တောင်အာဖရိက ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့လည်း အရင်က ဒီဆု ရခဲ့ဖူးပါတယ်။