သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးအပေါ် တုံ့ပြန်မှု


မြန်မာအာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးအပေါ် တုံ့ပြန်မှု
မြန်မာအာဆီယံ အလှည့်ကျဥက္ကဋ္ဌရာထူးအပေါ် တုံ့ပြန်မှု

၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ တာဝန်ယူဖို့ အတွက် မြန်မာနိုင်ငံအစိုးရရဲ့ အဆိုပြုကမ်းလှမ်းထားချက်အပေါ် အာဆီယံနိုင်ငံ ခေါင်းဆောင်တွေက တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အဲဒီလို ထောက်ခံအတည်ပြုလိုက်ကြတာဟာ ဒီနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ ဖြစ်ထွန်းခဲ့တဲ့အချက်နဲ့ ရှေ့ဆက်ပြီး ဒီမိုကရေစီရေး ဖြစ်ပေါ်တိုးတက်မှုတွေကို ပေါ်ထွက်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြုလုပ်လိုက်တာဖြစ်ကြောင်း အာဆီယံညီလာခံ ကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကနေ VOA သတင်းထောက် Brian Padden သတင်းပေးပို့ထားတာကိုနောက်ခံပြုပြီးတော့ တုံ့ပြန်မှုတချို့ကို ဦးစံမိုးဝေက စုစည်း တင်ပြပေးပါလိမ့်မယ်။

အာဆီယံအဖွဲ့ရဲ့အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါက မြန်မာနိုင်ငံကို၂၀၁၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌတာဝန်အပ်နှင်းဖို့ အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံခဲ့ကြတဲ့နေရာမှာ ဆန့်ကျင်ကန့်ကွက်သူ တဦးတယောက်မှ မရှိပါဘူးလို့ ပြောဆိုပါတယ်။

“သိသာထင်ရှားတဲ့ပြောင်းလဲမှုတွေ၊ သိသာထင်ရှားတဲ့ဖြစ်ပေါ် တိုးတက်မှုတွေကို အခြေခံပြီး ခေါင်းဆောင်တွေက သဘောတူခဲ့ကြတာဖြစ်တယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို ပြုပြင်ပြောင်းလဲမှုတွေက မြန်မာနိုင်ငံကို အခုလို တာဝန်ယူဖို့ အကျိုးသက်ရောက်စေခဲ့တာဖြစ်ပါတယ်”

ဒီမိုကရေစီရေး ဦးထိပ်ထားပြီးတော့ လူ့အခွင့်အရေးကိစ္စတွေကို အကာအကွယ်ပေးနိုင်ဖို့အားပေးတဲ့ အာဆီယံ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌတာဝန်ယူနိုင်ဖို့ မြန်မာနိုင်ငံဘက်က ကြိုးပမ်းမှုဟာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ မြန်မာ အစိုးရမှာ နိုင်ငံရေး အကျဉ်းသားတွေ ဖမ်းဆီးထိန်းသိမ်းထားမှု၊ အတိုက်အခံတွေ အပေါ် ဒုက္ခပေးမှု စတာတွေ လုပ်ခဲ့တဲ့ ရာဇဝင်တွေက ရှိနေပါတယ်။ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာလ အတွင်းမှာတော့ ရွေးကောက်ပွဲကျင်းပပြီးတော့ စစ်တပ်ဦးဆောင်တဲ့အစိုးရကနေ အရပ်သားအစိုးရကို အစားထိုးခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ အတုအယောင်ရွေးကောက်ပွဲဆိုပြီးတော့ အပြစ်တင် ရှုတ်ချခဲ့ပါတယ်။ ဒါပေမယ့် လအနည်းငယ်အကြာ မှာတော့ နိုင်ငံရေးအကျဉ်းသားတချို့ကို လွှတ်ပေးခဲ့ပါတယ်။ မီဒီယာအပေါ် ထိန်းချုပ်ထားမှုကို လျှော့ပေါ့ပေးခဲ့သလို ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတချို့ကို ပြုလုပ်ခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေဟာ လုံလောက်တဲ့အဆင့်ကို မရောက်သေးဘူးလို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောဆိုနေကြပေမယ့် နိုင်ငံတချို့ကတော့ သတိထားပြီး ချီးကျူးခဲ့ကြပါတယ်။

အနောက်နိုင်ငံတွေကတော့ အရေးယူထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ပြန်ဖွင့်ပေးနိုင်အောင် စဉ်းစား ဆုံးဖြတ်နိုင်ဖို့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းပါတယ်။ အာဆီယံအဖွဲ့ရဲ့ ဥက္ကဋ္ဌက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်အောင် မြန်မာအစိုးရကို ၂၀၁၄ ခုနှစ်၊ အဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးတဲ့ ဖြစ်ရပ်က မီးမောင်းထိုးပြလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“’ဒါပေမယ့် ဒါဟာ ပြီးခဲ့တဲ့ ကိစ္စတွေနဲ့ မဆိုင်ပါဘူး။ ဒါက အနာဂတ်ကိစ္စပါ။ မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် အပ်နှင်းဖို့ အာဆီယံခေါင်းဆောင်တွေ အတည်ပြု ဆုံးဖြတ်လိုက် တာဟာ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေ ဆက်လက်ပေါ်ပေါက်စေဖို့ တိုက်တွန်းတဲ့ ကြိုးစားမှုတခု ဖြစ်ပါတယ်”

မြန်မာအစိုးရဘက်က မျှော်လင့်ထားချက်နဲ့ ပတ်သက်ပြီးတော့လည်း ဘာလီကျွန်းကို ရောက်ရှိနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့၊ အဖွဲ့ဝင် ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်းက သတင်းထောက်တွေကို အခုလို ပြောပါတယ်။

“ပိုမိုပြီးပွင့်လင်းလာမှာပဲ။ စောစောက ပြောတဲ့စကားထဲမှာပါပြီးပြီလေ။ ဘာကိုမျှော်မှန်းထားသလဲ ပိုမိုပွင့်လင်းသော၊ ဒီမိုကရေစီ ထွန်းကားသော၊ ဒေသနဲ့ နိုင်ငံတကာနယ်ပယ်မှာ ပိုမို ပူးပေါင်းဆောင်ရွက်သော နိုင်ငံအဖြစ် မျှော်မှန်းပါတယ်လို့ ပြောပြီးပြီပဲ”

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မာခ့်တိုနာက ကြာသာပတေးနေ့ရှင်းလင်းပွဲမှာ အခုလို ပြောပါတယ်။

“ကျနော်တို့ အမြဲတမ်းပြောခဲ့တဲ့အတိုင်းပါပဲ။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးအတွက် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။ ကျနော်အနေနဲ့ တိုက်တွန်းလိုတာက အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဥက္ကဋ္ဌရာထူးအတွက် စဉ်းစားတဲ့နေရာမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအပါအဝင် အဖွဲ့အစည်းကြီးရဲ့ စံထားဆောင်ရွက်မှုတွေကို ထိရောက်စွာ ရှေ့ဆက်ဖော်ဆောင်နိုင်မယ့် အချက်တွေကို ထည့်သွင်းစဉ်းစားဖို့ပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ လူသိရှင်ကြားပြောကြားခဲ့ပြီး ဖြစ်တဲ့အတိုင်းပဲ-အစကနဦး ကတည်းက အားတက်စရာ အရိပ်လက္ခဏာတွေကို တွေ့ခဲ့ရပေမယ့် ဒီထက်ပို လုပ်ဆောင်စရာတွေကို မြင်လိုပါတယ်”

အလားတူ အမေရိကန်သမ္မတ မစ္စတာအိုဘားမားကလည်း ဗုဒ္ဓဟူးနေ့က သြစတြေးလျနိုင်ငံ ပူးတွဲ လွှတ်တော် ၂ ရပ် မှာ ပြောကြားခဲ့တဲ့ မိန့်ခွန့်မှာလည်း မြန်မာနိုင်ငံမှာ တိုးတက်မှုတွေကို မြင်တွေ့နေရပေမယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး မြင်တွေ့နေဆဲဖြစ်ပြီး အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အတွက် မြန်မာ အစိုးရဘက်က ခြေလှမ်းတွေ ဆက်ပြီးတော့ လှမ်းနေဖို့ လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

စောစောပိုင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ပေးရေးအတွက် မူအားဖြင့်သဘောတူညီမှုရရှိခဲ့ပြီးတဲ့နောက် ဒီသတင်းနဲ့ ပတ်သက်ပြီးတော့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ဗီအိုအေကို အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

“ကျနော်တို့ နိုင်ငံဂုဏ်မြင့်တာပေါ့ဗျာ။ ဒီလို ခွင့်ပြုလိုက်တယ် ဆိုတာကလည်း အာဆီယံနိုင်ငံတွေ အနေနဲ့က လက်ရှိ မြန်မာနိုင်ငံ အစိုးရက ပြုပြင်ပြောင်းလဲမှုတကယ်လုပ်မယ်လို့ ယူကြည်တဲ့ အတွက်ပေါ့။ ဒါ ကျနော်တို့ ပြောချင်တာကတော့ သတင်းကောင်းပါပဲ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းပြောဆိုသွားတာဖြစ်ပါတယ်။

XS
SM
MD
LG