သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆီးရီးယား အတိုက်အခံတွေနဲ့ တွေ့ဆုံ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ဆီးရီးယား အတိုက်အခံတွေနဲ့ အင်္ဂါနေ့က တွေ့ဆုံခဲ့ပြီး အမေရိကန် သံအမတ်ကြီးဟာ ဆီးရီးယားနိုင်ငံကို ပြန်သွားလိမ့်မယ်လို့ ကြေညာလိုက် ပါတယ်။ လုံခြုံရေး အနေခြအနေကြောင့် လွန်ခဲ့တဲ့ တစ်လကျော်က သံအမတ်ကြီးဟာ အမေရိကန်နိုင်ငံကို ပြန်လာခဲ့တာပါ။

အတိုက်အခံလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြတဲ့အနေနဲ့ ကလင်တန်ဟာ အဝေးရောက် ဆီးရီးယား အတိုက်အခံ ၇ ယောက်နဲ့ ဂျနီဗာမြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီမိုကရေစီ အကူးအပြောင်းဟာ သမ္မတ Bashar al-Assad အစိုးရကို ဖယ်ရှားရေးထက် ပိုကြောင်း မစ္စကလင်တန်က ပြောခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ ဆီးရီးယားနိုင်ငံဟာ ဥပဒေစိုးမိုးရေး ရှိရမှာဖြစ်တဲ့အပြင် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကိုလည်း ကာကွယ်ရမှာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

အမေရိကန် သံအမတ်ကြီး Robert Ford ဟာ ခု ဆီးရီးယားနိုင်ငံကို အမေရိကန် စံတော်ချိန် အင်္ဂါနေ့ ညနေပိုင်းမှာ ပြန်သွားမှာပါ။

ဆီးရီးယား အတိုက်အခံတွေနဲ့ ဆွေးနွေးခဲ့ပြီး ဆန္ဒပြသူတွေကို ထောက်ခံခဲ့တာမို့ လုပ်ကြံခံရမယ်လို့ အခြိမ်းခြောက်ခံရပြီးတဲ့နောက် အောက်တိုဘာလတုန်းက ဆီးရီးယားနိုင်ငံကနေ မစ္စတာ Robert Ford ပြန်ခေါ်ခဲ့တာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ အစိုးရက အတိုက်အခံတွေကို ဆက်လက် ချေမှုန်းနေတာကြောင့် လူ ၅၀ ကျော် သေဆုံးခဲ့တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG