သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားမှာ ရွေးကောက်ပွဲသစ် ကျင်းပဖို့ Gorbachev တောင်းဆို


ဆိုဗီယက်၊ရုရှားသမ္မတဟောင်း မီခေးလ် ဂေါ်ဗာချော့ဗ်
ဆိုဗီယက်၊ရုရှားသမ္မတဟောင်း မီခေးလ် ဂေါ်ဗာချော့ဗ်

ရုရှားနိုင်ငံမှာကျင်းပခဲ့တဲ့ ပါလီမန်လွှတ်တော် ရွေးကောက်ပွဲကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် လုပ်ဖို့ ယခင် ဆိုဗီယက် သမ္မတဟောင်း ဂေါ်ဘာချော့က တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ကိုက်ညီမှု မရှိကြောင်းနဲ့ အာဏာပိုင်တွေအနေနဲ့ မမှန်မကန် ပြုလုပ်ခဲ့မှုတွေ ရှိတဲ့အကြောင်းကို ထုတ်ဖော်ဝန်ခံရလိမ့်မယ်လို့ သူက ပြောပါတယ်။

ပြည်သူလူထုရဲ့ သဘောထားကို ဆန့်ကျင်တာဟာ အာဏာပိုင်တွေ အနေနဲ့ ရှက်စရာကောင်းသလို အခြေအနေတွေကိုလည်း မတည်မငြိမ်ဖြစ်စေတယ်လို့ အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာ ဂေါ်ဘာချော့က ပြောပါတယ်။

တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ကျယ်ကျယ်ပြန့်ပြန့် မဲမသမာမှုတွေနဲ့ မရိုးမသား လုပ်မှုတွေရှိခဲ့တယ်လို့ အတိုက်အခံခေါင်းဆောင်တွေနဲ့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကပြောပါတယ်။

ရွေးကောက်ပွဲမသမာမှုတွေအပေါ် ၃ ရက်မြောက်နေ့ ဆန္ဒပြမှုကို ရှောင်ရှားနိုင်စေဖို့အတွက် ရဟတ်ယာဉ်တွေနဲ့ ရဲတပ်ဖွဲ့ဝင် ၅၀,၀၀၀ ဟာ မော်စကိုမြို့က လမ်းတွေပေါ်မှာ ကင်းလှည့်နေကြပါတယ်။

လူမှုအဖွဲ့တွေက ညဘက်ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ ကတိပြုထားကြပြီး ဗုဒ္ဓဟူးနေ့နှောင်းပိုင်း မော်စကိုမြို့မှာ ဆန္ဒပြသူ ၅၀ ဖမ်းဆီးထားသလို စိန့်ပီတာစဘတ်မြို့မှာတော့ လူ ၁၀၀ လောက်ကို ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ညပိုင်းအတွင်း စုစုပေါင်းလူ ၅၅၀ ကို မော်စကိုမြို့မှာ ဖမ်းဆီးခဲ့တယ်လို့ လုံခြုံရေးတာဝန်ရှိသူတွေကပြောပါတယ်။

ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားဌာနတွေကတော့ ဆန္ဒပြပွဲအကြောင်းကော ရဲတပ်ဖွဲ့ဝင်တွေ တိုးမြှင့်ချထားတဲ့ အကြောင်းတွေ ဘာတခုမှ ထုတ်ပြန်ခြင်းမရှိပါဘူး။ ဆန္ဒပြပွဲ စည်းရုံးလှုံ့ဆော်နေတဲ့ အတိုက်အခံတွေကတော့ နောက်လာမယ့် ၁၀ ရက်အတွင်း ကြီးမားတဲ့ဆန္ဒပြပွဲကြီး ၄ ခု ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ စနေနေ့မှာ ပထမဦးဆုံး ကရင်မလင်အနီးမှာ ပြုလုပ်မယ်လို့ ဆိုပါတယ်။

XS
SM
MD
LG