သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းကျသတင်းသမားဦးရေ ကမ္ဘာမှာ မြန်မာစတုတ္ထလိုက်


အကျဉ်းကျသတင်းသမားဦးရေ ကမ္ဘာမှာ မြန်မာစတုတ္ထလိုက်
အကျဉ်းကျသတင်းသမားဦးရေ ကမ္ဘာမှာ မြန်မာစတုတ္ထလိုက်

နယူးယောက်အခြေစိုက် နိုင်ငံတကာ သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေး အသင်းကြီး ဖြစ်တဲ့ CPJ အဖွဲ့က (၁၅) နှစ်အတွင်း ကမ္ဘာအနှံ့မှာ သတင်းသမားတွေကို ဖမ်းဆီးအကျဉ်းချထားမှု အများဆုံး အချိန်ကာလနဲ့ ကြုံနေရတယ်လို့ ကြာသာပတေးနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအထဲမှာ မြန်မာနိုင်ငံဟာလည်း အဆိုးရွားဆုံးနိုင်ငံတွေထဲမှာ တနိုင်ငံဖြစ်ပါတယ်။ အီရန်၊ အီရစ်ထရီးယား (Eritiea) နဲ့ တရုတ်နိုင်ငံတို့ပြီးရင် မြန်မာနိုင်ငံဟာ နံပါတ် ၄ နေရာမှာရှိနေတယ်လို့ ဆိုပါတယ်။

သတင်းသမားတွေ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အတိုင်းအတာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုဆိုတာ မပြောပလောက်တဲ့အတိုင်းအတာသာ ရှိတာပါလို့လည်း CPJ အဖွဲ့ရဲ့ ပြောခွင့်ရသူက VOA ကိုပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဦးစံမိုးဝေက တင်ပြထားပါတယ်။

CPJ အဖွဲ့က ဒီဇင်ဘာလ ၁ ရက်နေ့မှာ နောက်ဆုံး ကောက်ယူထားတဲ့စာရင်းအရ ကမ္ဘာနဲ့အဝှန်းမှာ အကျဉ်းကျခံနေရတဲ့ သတင်းသမား ၁၇၉ ယောက်ရှိပြီး ဒါဟာ ၁၅ နှစ်အတွင်း အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာလည်း အကျဉ်းသားတွေပြန်လွှတ်ပေးနေပါတယ်ဆိုပြီးတော့ လူသိရှင်ကြား ကြေညာ ပြောဆိုနေပေမယ့် သတင်းသမားတွေကိုတော့ ဖမ်းဆီးထားဆဲပဲလို့ အမေရိကန်အခြေစိုက် သတင်းသမားကာကွယ် စောင့်လျှောက်ရေး အဖွဲ့ကြီးဖြစ်တဲ့ CPJ အဖွဲ့ရဲ့ အာရှရေးရာတာဝန်ခံ Bob Dietz ကပြောပါတယ်။

“မြန်မာနိုင်ငံထဲမှာ အနည်းဆုံး သတင်းသမား ၁၂ ဦး အကျဉ်းထောင်ထဲမှာ ရှိနေဆဲဖြစ်ပါတယ်။ အစိုးရသစ် တက်လာပြီးတဲ့နောက် အကျဉ်းသားတွေ ပြန်လွှတ်ပေးနေတယ်ဆိုပေမယ့် သတင်းသမားတွေကိုတော့ ထိန်းသိမ်းထားဆဲပဲ ရှိပါတယ်။ လွတ်လာတယ်ဆိုတာကလည်း တယောက်နှစ်ယောက်ပဲ ရှိတာပါ”

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရ တက်လာပြီးတဲ့နောက် အပြောင်းလဲတွေဖြစ်ပေါ်လာတယ်၊ မီဒီယာတွေအပေါ် ဖိနှိပ်ထားမှုတွေ လျှော့ပေါ့လာတယ်ဆိုပြီး ကျယ်ကျယ်ပြန့်ပြန့်ပြောဆိုနေကြတာပါ။ CPJ အဖွဲ့ပြောခွင့်ရသူ Bob Dietz ကတော့ မြန်မာနိုင်ငံဟာ သတင်းသမားတွေအပေါ် ဖမ်းဆီး ချုပ်နှောင်မှုတွေဟာ ကမ္ဘာပေါ်မှာ အဆိုးဆုံးနိုင်ငံတွေထဲမှာ ပါဝင်နေပြီး သူ့အမြင်မှာတော့ ဘာမှ သိသာထူးခြားတဲ့ အပြောင်းအလဲတွေ မတွေ့ရဘူးလို့ ဆိုပါတယ်။

“အစိုးရက မီဒီယာတွေအပေါ်ထားတဲ့သဘောထား အလင်းရောင် အနည်းငယ်တွေ့ရတယ်ဆိုပေမယ့် မပြောပလောက်ပါဘူး။ မြန်မာနိုင်ငံဟာ လူဦးရေအနည်းငယ်သာ ရှိတာပါ။ ဒါပေမယ့် နိုင်ငံတကာမှာ သတင်းသမားတွေအပေါ် ဖမ်းဆီးထောင်ချတဲ့နေရာမှာ နံပါတ် ၄ နေရာမှာ လိုက်ပါတယ်။ သူ့ရဲ့ရှေ့မှာ တရုတ်၊ အီရစ်ထရီးယား၊ အီရန်နိုင်ငံတို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက သတင်းသမားတွေကို ဖမ်းဆီး ချုပ်နှောင်တဲ့မူဝါဒ ဆက်လက်ကျင့်သုံးနေဆဲပါ။ ဒီအခြေအနေကို ထောက်ရှုပြီး မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလားဆိုတာကို သုံးသပ်ကြည့်မယ်ဆိုရင်တော့ ဘာမှ မပြောပလောက်တဲ့ ပြောင်းလဲမှုပဲရှိတယ်လို့ ဆိုရမှာပါ”

တဆက်တည်းမှာပဲ အမေရိကန်နိုင်ငံအပါဝင် တချို့နိုင်ငံတွေက မြန်မာအစိုးရနဲ့ ဆက်ဆံရေးတွေ ပြန်ပြီး လုပ်လာတဲ့အတွက် သတင်းသမားအကျဉ်းသားအရေးနဲ့ ပတ်သက်ပြီး တောင်းဆိုမှုတွေ ဖိအားပေးမှုတွေ လျှော့ကျသွားမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

“အမေရိကန်အစိုးရနဲ့ တခြားအစိုးရတွေဟာ မြန်မာနိုင်ငံနဲ့ ပြန်လည်ပတ်သက်လာပြီဆိုတော့ ဒီသတင်းသမား အကျဉ်းသားအရေးကို လျစ်လျှူမှာကို ကျနော်တို့စိုးရိမ်ပါတယ်။ ဒီအရေးကို မေ့ထားကြမှာ၊ အရေးကြီးနေရာမှာ မထားတော့မှာကို စိုးရိမ်ပါတယ်”

CPJ အဖွဲ့ရဲ့ အာရှရေးရာ တာဝန်ခံ Mr. Bob Dietz ပြောသွားတာပါ။

CPJ အနေနဲ့ သတင်းသမား အကျဉ်းသားအရေးကို အမြဲစောင့်ကြည့်နေသလို နိုင်ငံတကာကိုလည်း အဆက်မပြတ် အသိပေးနေကြောင်း မြန်မာအစိုးရကိုလည်း စာရေးပြီး အကြောင်းကြားခဲ့ကြောင်း၊ ဒါပေမယ့် အရင်အစိုးရတွေလိုပဲ ဘာမှ တုံ့ပြန်မှုမရှိဘူး၊ အဲဒီတော့ အရင်က အစိုးရတွေနဲ့ အခု ဒီမိုကရေစီ အစိုးရကြား ဘာမှကွာခြားတာမရှိဘူးလို့ ပြောဆိုသွားပါတယ်။

XS
SM
MD
LG