ယူရိုငွေကြေးထိခိုက်နစ်နာမယ့် အရေးကနေ ကာကွယ်နိုင်ဖို့နဲ့ ဥရောပတိုက်အတွင်း အကြွေး ပြဿနာကြောင့် အကျပ်ရိုက်နေတဲ့ ကိစ္စတွေကိုဖြေရှင်းဖို့ နောက်ဆုံးကြိုးပမ်းတဲ့အနေနဲ့ ဥရောပ ခေါင်းဆောင်တွေဟာ ဘယ်လ်ဂျီယန်နိုင်ငံ ဘရပ်ဆဲလ်စ်မြို့မှာ ၂ ရက်ကြာထိပ်သီးဆွေးနွေးပွဲ ကျင်းပနေကြပါတယ်။
၂ နှစ်ကြာအကြွေးပြသာနာတွေတက်နေလို့ ကမ္ဘာ့စီးပွားရေး မတည်မငြိမ် ဖြစ်နေရတဲ့ကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဥရောပထိပ်သီးညီလာခံ မစတင်ခင် ကြာသပတေးနေ့ ညပိုင်းအထိတော့ သဘောထားတွေ အမျိုးမျိုး ကွဲလွဲနေကြတုန်းပဲလို့ တချို့အရာရှိတွေက ဆိုပါတယ်။
ဥရောပခေါင်းဆောင်တွေကသာ ဒီအကြွေးပြဿနာကို တကယ်ပဲပြေလည်အောင် ဖြေရှင်းချင်တယ် ဆိုတဲ့ ဆန္ဒရှိရင် ပြေလည်အောင်ရှင်းနိုင်စွမ်း ဥရောပမှာရှိပါတယ်လို့ အမေရိကန်သမ္မတ ဘားရက် အိုဘားမားက သတင်းသမားတွေကို ပြောပါတယ်။
၁၇ နိုင်ငံပါဝင်တဲ့ အီးယူဥရောပသမဂ္ဂမှာ ယူရိုငွေကိုသုံးစွဲကြပြီး စီးပွားရေးကျဆင်းမှု ပြဿနာ ရင်ဆိုင်နေရပြီလို့ လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။ အခုကျင်းပနေတဲ့ညီလာခံမတိုင်ခင်မှာ ဥရောပဗဟိုဘဏ်က ငွေချေးမှုတွေကို ပိုလုပ်ခဲ့ပြီး အတိုးနှုန်းကိုလည်း ၁ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း စတော့ရှယ်ရာဈေးတွေကတော့ အနည်းငယ်ကျဆင်းခဲ့ပါတယ်။