သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကာကွယ်ရေး ဝန်ကြီး အာဖဂန်နစ္စတန်ရောက်


အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta
အမေရိကန်ကာကွယ်ရေးဝန်ကြီး Leon Panetta

အမေရိကန် ဦးဆောင်တဲ့ သူပုန်နှိမ်နင်းရေး လုပ်ငန်းတွေ တိုးတက်မှုရှိမရှိ စစ်ဆေးဖို့အတွက် အမေရိကန် ကာကွယ်ရေး ဝန်ကြီး Leon Panetta ဟာ အာဖဂန်နစ္စတန်နိုင်ငံကို ရောက်ရှိနေပါတယ်။ တာလီဘန်တွေကို ဆယ်စုတစ်စု တိုက်ခိုက်ခဲ့ပြီးတဲ့နောက် သူပုန်နှိမ်နင်းရေး အလုပ်တွေက အလှည့်အပြောင်းကို ရောက်ရှိခဲ့တယ်လို့ သူက ဆိုပါတယ်။

အမေရိကန်တပ်မှူးတွေနဲ့ အာဖဂန်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ အတွက် ကဘူးမြို့ကို Panetta ပါနက်တာ အင်္ဂါနေ့က ရောက်ရှိလာတာပါ။ အမေရိကန် ဦးဆောင်တဲ့ နေတိုးတပ်တွေ တဖြည်းဖြည်း ရုပ်သိမ်းတဲ့အခါ နိုင်ငံလုံခြုံရေးကို တာဝန်ယူဖို့ အာဖဂန်နစ္စတန် စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဟာ ပိုပြီး ပြင်ပြင်ဆင်ဆင် ရှိလာပြီလို့ အာဖဂန်နစ္စတန်မြို့တော်ကို လေယာဉ်နဲ့အသွားမှာ သတင်းထောက်တွေ ကို သူက ပြောပါတယ်။

အမေရိကန်တပ် ၁ သောင်းကို ၂၀၁၁ ကုန်မှာ ရုပ်သိမ်းဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားက ဒီ နှစ် အစောပိုင်းက အမိန့်ထုတ်ခဲ့ပါတယ်။ နောက်နှစ် အောက်တိုဘာမှာ နောက်ထပ် ၂ သောင်း ၃ ထောင် ထပ်ရုပ်သိမ်းဖို့လည်း အမိန့်မှာ ပါပါတယ်။ ဒီကာလအတွင်းမှာ အာဖဂန်နစ္စတန်က ပြည်နယ်တွေရဲ့ လုံခြုံရေးတာဝန်ကို အာဖဂန်တပ်တွေကယူဖို့ နေတိုးက လွှဲပြောင်းပေးဖို့ စီစဉ်ထားပါတယ်။

အကူးအပြောင်းဖြစ်စဉ်က အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေး ဆိုးဝါးလာတာကြောင့် ရှုပ်ထွေးလာခဲ့ပါတယ်။ အာဖဂန်နယ်စပ်က ပါကစ္စတန်ဘက်ကို နေတိုးက လေကြောင်းကနေ အရင်လအတွင်း တိုက်ခိုက်မိခဲ့ရာမှာ ပါကစ္စတန် စစ်သား ၂၄ ယောက်သေဆုံးသွားခဲ့တာကြောင့် ဆက်ဆံရေး ယိုယွင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ နယ်စပ်တစ်ဘက်တစ်ချက် လုံခြုံရေး အတွက် ပူးပေါင်းဆောင်ရွက်ကြဖို့ ရည်ရွယ်ပြီး အာဖဂန်နစ္စတန်နဲ့ ဆွေးနွေးခဲ့ရာမှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့ အာဖဂန်မှာရှိတဲ့ မဟာမိတ်တပ်တွေရဲ့ ထိပ်တန်းတပ်မှူး၊ ဗိုလ်ချုပ်ကြီး John Allen က ပြောပါတယ်။ ပါကစ္စတန် စစ်တပ်အကြီးအကဲ Ashfaq Pervez Kayani နဲ့လည်း တယ်လီဖုန်းကနေ တနင်္လာနေ့က သူ စကားပြောခဲ့ပါတယ်လို့ Allen က ဆိုပါတယ်။

အမေရိကန် ပါကစ္စတန် ဆက်ဆံရေးဟာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ အဓိကသော့ချက် ဖြစ်တယ်လို့ အမေရိကန် က ယုံကြည်ကြောင်း Panetta က ဆိုပါတယ်။

XS
SM
MD
LG