သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် ပြောင်းလဲမှုတွေ ဆက်ဖြစ်ဖို့ ကုလ ကြိုးပမ်းမည်


မြန်မာပြည် ပြောင်းလဲမှုတွေ ဆက်ဖြစ်ဖို့ ကုလ ကြိုးပမ်းမည်
မြန်မာပြည် ပြောင်းလဲမှုတွေ ဆက်ဖြစ်ဖို့ ကုလ ကြိုးပမ်းမည်

မြန်မာနိုင်ငံတွင်းမှာ အခြေအနေအရပ်အရပ်မှာ စိတ်ဝင်စားစရာကောင်းလောက်အောင် တိုးတက် ဖြစ်ထွန်းတွေ တွေ့နေရပြီး ဒီထက်ပို ဖြစ်ထွန်းတိုးတက်လာဖို့ ကုလသမဂ္ဂအနေနဲ့ ဆက်ပြီး ကြိုးပမ်း သွားမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။ တချိန်တည်းမှာတော့ အကျဉ်းထောင်အတွင်း ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်။ ကိုသားညွန့်ဦးက တင်ပြပေးပါလိမ့်မယ်။

ကမ္ဘာ့နိုင်ငံတွေအကြား တနှစ်အတွင်း ဖြစ်ထွန်းတိုးတက်မှုတွေနဲ့ပတ်သက်လို့ မနေ့က နယူးယောက် ကုလသမဂ္ဂရုံးမှာ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ မြန်မာနိုင်ငံ အကြောင်းကို ထည့်ပြောသွားပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မြင်နေရပြီဆိုတာကို အသိအမှတ်ပြု ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း အများလိုလားတဲ့ ပွင့်လင်းပြောင်းလဲမှုသစ် မြင်နေရပါပြီ။ ကုလသမဂ္ဂအနေနဲ့ တိုးတက်မှုတွေ ဆက်ရှိလာဖို့ ဆက်ပြီး ကြိုးပမ်းဆောင်ရွက်သွားပါမယ်”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟာ မြန်မာအစိုးရ သမ္မတဦးသိန်းစိန်နဲ့ ပြီးခဲ့တဲ့ အာဆီယံ-ကုလ ဆွေးနွေးပွဲကာလအတွင်းမှာ တွေ့ဆုံခဲ့ပြီး လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို အသိအမှတ်ပြုသလို အပြောင်းအလဲတွေ ပိုဖြစ်လာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒါကြောင့်လည်း မကြာခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့လည်း ပြင်ဆင်နေတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Martin Nesirky က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာအာဏာပိုင်တွေ ဖိတ်ကြားချက်ကြောင့် သူ မြန်မာနိုင်ငံကို သွားရောက်လိုတယ်ဆိုတာကို အတွင်းရေးမှူးချုပ်အနေနဲ့ တရားဝင် ပြောထားပြီးပါပြီ။ ဒီအတွက် မြန်မာနိုင်ငံကို ဖြစ်နိုင်သမျှ မြန်မြန် သွားရောက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါပေမယ့် ဘယ်တော့ သွားဖြစ်မလဲဆိုတာတော့ ခုချိန် မပြောနိုင်သေးပါဘူး”

လက်ရှိ မြန်မာနိုင်ငံအခြေအနေမှာ စိတ်ဝင်စားစရာကောင်းတဲ့ တိုးတက်မှုတွေ မြင်ရသလို ကုလသမဂ္ဂရဲ့ မြန်မာ့အရေး ပါဝင်ဆောင်ရွက်မှုကိုလည်း လက်ခံလာတာ တွေ့ရတယ်လို့ အတွင်းရေးမှူးချုပ် ပြောခွင့်ရသူ Martin က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်း အခြေအနေအတော်များများမှာ စိတ်ဝင်စားစရာကောင်းလောက်အောင် တိုးတက်မှုတွေ မြင်လာရပါတယ်။ ဒီအထဲမှာ နိုင်ငံရေးလုပ်ငန်းစဉ်တွေလည်း ပါပါတယ်။ ဒီအထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ပတ်သက်လာပါတယ်။

တိုင်းရင်းသားကိစ္စရပ်တွေမှာလည်း အာဏာပိုင်တွေဘက်က ပြောင်းလဲလာတဲ့ ခြေလှမ်းတွေ တွေ့လာရပါတယ်။ ကုလသမဂ္ဂရဲ့ အဖွဲ့အစည်းအချို့ဟာ မကြာခင်ကပဲ မြန်မာနိုင်ငံ မြောက်ပိုင်းက ချင်ပြည်နယ်နယ်စပ်ကို သွားရောက်ခွင့်ရခဲ့ပါတယ်။ ဒါဟာ အဲဒီဒေသတွင်းက ပြည်သူတွေ အတွက်တင်မဟုတ်ဘဲ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ အဲဒီက အခြေအနေတွေကို ကိုယ်တိုင် ကိုယ်ကျ သွားရောက် စစ်ဆေးလေ့လာခွင့်ရတာတွေဟာ အတော်လေး အရေးကြီးတဲ့ ကိစ္စရပ်တွေပါ”

ဒါပေမယ့် နိုင်ငံတကာက လိုလားတဲ့အခြေအနေတွေအတိုင်း ဖြစ်နေပြီလို့ ယူဆလို့မရသေးတဲ့ အကြောင်းလည်း ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာရေး အပေါ်မှာ အတွင်းရေးမှုးချုပ်အနေနဲ့ အသေအချာ စောင့်ကြည့်နေတယ်လို့ ပြောခွင့်ရသူက ဆိုပါတယ်။

“အကျဉ်းထောင်တွေအတွင်း ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်နိုင်သမျှ မြန်မြန်ပြန်လွတ် လာသင့်တယ်ဆိုတဲ့ အတွင်းရေးမှူးချုပ်ရဲ့ အမြင်အယူအဆ မပြောင်းမလဲရှိနေပါတယ်။ လာမယ့် ရက်ပိုင်း သီတင်းပတ်တွေအတွင်းမှာ ဒီ အခြေအနေတွေ ဖြစ်လာမလားဆိုတာကိုလည်း ကျနော်တို့ အသေအချာကို စောင့်ကြည့်နေပါတယ်”

အတွင်းရေးမှူးချုပ် ဘန်ကီမွန်းအနေနဲ့ မြန်မာနိုင်ငံကို အရင်က နှစ်ကြိမ်လာခဲ့ပြီး နာဂစ်ကယ်ဆယ်ရေး ကိစ္စနဲ့ နောက်တကြိမ်က အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်နဲ့ဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံပေမယ့်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရခဲ့ပါဘူး။ ဒီတခေါက်တော့ လာမယ့်နှစ်ဆန်းပိုင်းမှာ အတွင်းရေးမှူးချုပ်ရဲ့ တတိယမြောက် မြန်မာခရီးစဉ်ဖြစ်လာလိမ့်မယလို့ မျှော်လင့်ရပါတယ်။

XS
SM
MD
LG