သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေညဝါဆရာတော်ကို အရေးယူဖို့ သံဃာ့မဟာနာယက ပြင်ဆင်


ရွှေညဝါဆရာတော်ကို အရေးယူဖို့ သံဃာ့မဟာနာယက ပြင်ဆင်
ရွှေညဝါဆရာတော်ကို အရေးယူဖို့ သံဃာ့မဟာနာယက ပြင်ဆင်

လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်က ရွှေညဝါဆရာတော် ဦးပညာသီဟကို အရေးယူဆောင်ရွက်ဖို့ သံဃာ့မဟာနာယက အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဆရာတော်ကတော့ ဒီကိစ္စကို ငြိမ်းချမ်းနဲ့နည်းနဲ့ ဖြေရှင်းမယ်လို့ဆိုတဲ့ အကြောင်း ဆရာတော်နဲ့နီးစပ်သူတဦးက ဗီအိုအေကို ရှင်းပြပါတယ်။ ဆရာတော်ကို သံဃာ့ မဟာနာယက ခြိမ်းခြောက်လာတာဟာ မတရားသဖြင့်လုပ်နေတာပဲလို့လည်း ပြည်ပရောက် သံဃာအဖွဲ့အစည်းတခုက တုံ့ပြန်ပါတယ်။ ဆရာတော်ရဲ့ကျောင်းတိုက်ကို ရဲတွေ ဝိုင်းထားတယ် လို့လည်း သတင်းတွေထွက်နေပါတယ်။ အခြေအနေတွေကို ကိုကျော်အောင်လွင်က တင်ပြပေးထားပါတယ်။

ဆရာတော် သီတင်းသုံးနေတဲ့ သာဓုကျောင်းတိုက်ကနေ ဆရာတော်ကို ဖယ်ရှားဖို့နဲ့ သံဃာ့အဖွဲ့ အစည်းတွေရဲ့ ဆုံးမတာကို မနာခံတဲ့ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်ဖို့နဲ့ သံဃာ့မဟာနာယက အဖွဲ့ရဲ့ ခွင်ပြုချက်မရဘဲ သာဓုကျောင်းတိုက်အတွင်း ဘာ သင်တန်းမှ မဖွင့်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဒီဇင်ဘာလ ၁၂ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ သံဃာ့နာယကအဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ မနေ့ကညတုန်းကလည်း ရွှေညဝါဆရာတော်ရဲ့ကျောင်းတိုက်ကို လုံခြုံရေးရဲတွေ ဝိုင်းထားတယ်ဆိုပြီး သတင်းတွေထွက်နေတာကြောင့် ဆရာတော်နဲ့နီးစပ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား စမ်းချောင်း ကိုကိုကြီးကို အခြေအနေတွေသိရအောင် မေးကြည့်ပါတယ်။

“ကျနော်ပြန်လာတဲ့အထိတော့ မတွေ့ခဲ့ပါဘူး။ ည ၁၁ ထိုးခါနီးမှ အဲဒီကနေပြန်လာတာပါ။ ဆရာတော်နဲ့ပတ်သက်ပြီးတော့ တိုင်းဒေသကြီး၊ သံဃာ့နာယကအဖွဲ့က ကြေညာချက် ထုတ်ထားတာကို တွေ့ရပါတယ်”

“ဒီကြေညာချက်ဟာ အာဏာပိုင်တွေဘက်က တရားဝင် ထုတ်ပြန်တဲ့ ကြေညာချက်လား။ ဒီကြေညာချက်ကိုဆရာတော်ဦးပညာသီဟကရော လက်ခံရရှိသလား။ အဲဒါကိုကိုကြီးတို့သိပါသလား”

“ဆရာတော့်ဆီကို ည၆နာရီလောက်ကအဲဒီစာရောက်လာပါတယ်။ စာကတော့ ဒီဇင်ဘာ ၁၂ ရက် နေ့စွဲနဲ့ ထုတ်ထားတဲ့စာပါ”

“ဆရာတော်က ဒီကြေညာချက်ကို ဘယ်လိုတုံ့ပြန်ပါသလဲ”

“ဆရာတော်ပြောတာရှင်းပါတယ်။ သူကတော့ငြိမ်းချမ်းရေးသမားပဲ။ တိုင်းပြည်ငြိမ်းချမ်းဖို့ ပြောဆိုနေတဲ့ သူတယောက်ပဲ ဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဒီကိစ္စကိုဖြေရှင်းရမှာလို့ ပြောပါတယ်”

“ဆရာတော်ကိုသာဓုကျောင်းတိုက်ကနေဖယ်ရှားရန်ဆိုတာ ပါပါတယ်။ ဆရာတော်က ဘယ်လို တုံ့ပြန်ပါလဲ”

“ဆရာတော်ကတော့ ဘာမှမတုံ့ပြန်ပါဘူး။ သူတို့ဆက်သွယ်ပြီး ဘယ်လိုဆောင်ရွက်လာမလဲ ဆိုတာကို စောင့်ကြည့်နေပါတယ်။ ဒီနေ့နေ့လည်တနာရီမှာလည်း သာဓုကျေုာင်းတိုက်မှာ ကျောင်းဖွင့်ပွဲ လုပ်ဖို့ ရှိပါတယ်။ အဲဒီမှာ သံဃာ့မဟာနာယကအဖွဲ့ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးလည်းကြွလာဖို့ ရှိပါတယ်။ အဲဒီမှာ ဗန်းမော်ဆရာတော်ကြီးရဲ့မိန့်ကြားမှုကို နာယူမှာပါ”

ဆရာတော်နဲ့ မနေ့ကညပိုင်းအထိ ဆုံခဲ့တဲ့ စမ်းချောင်းကိုကိုကြီး ရှင်းပြခဲ့တာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုရဲ့ပြည်ပတာဝန်ခံဆရာတော် ဦးပညာဇောတကတော့ သံဃာ့မဟာနာယကအဖွဲ့က အစိုးရဘက်ကလိုက်ပြီး ရွှေညဝါဆရာတော်ကိုဖိအားပေးနေတာလို့ ဆိုပါတယ်။

“ဒီလိုဒုဗ္ဗစလို့ပြောခဲ့တာကတော့ အင်မတန်မှကို မဆီလျှော်တဲ့စကားလုံးကို သုံးတယ်လို့ ထင်ပါတယ်။ ပြောဆိုဆုံးမလို့မရတဲ့ ပုဂ္ဂိုလ်မျိုးတွေကိုသာလျှင် ဒုဗ္ဗစလို့ခေါ်တာပါ။ ဦးပညာသီဟ ဆိုလို့ရှိရင် ပြောဆို ဆုံးမလို့မရ ခက်တဲ့ ရဟန်းလည်း မဟုတ်ပါဘူး။ လောကအကျိုး၊ သာသနာ့အကျိုး၊ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ဆရာတော်က စွမ်းဆောင်နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။

အစိုးရက ဒါမျိုးတွေ မကြိုက်တဲ့အတွက်ကြောင့် အစိုးရရဲ့ဖိအားပေးမှုကြောင့် ဆိုပြီးတော့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ကြေညာချက်တွေထွက်တာပါ။ ဒါဟာလုံးဝကို မသင့်လျှော်တဲ့ စကားလုံးကို သုံးတာ ဖြစ်တယ်။ သံဃာ့မဟာနာယက ဆရာတော်ကြီးများအနေနဲ့က သာသနာ့ မျက်နှာကို ကြည့်မလား။ ဦးသိန်းစိန်အစိုးရရဲ့မျက်နှာကိုကြည့်မလားဆိုတာကို ဒီအချိန်မှာ ဆုံးဖြတ်ရမှာပါ။ ဦးပညာသီဟကို လုံးဝမလုပ်သင့်တဲ့ကိစ္စကိုလုပ်တယ်လို့ ဦးဇင်းအနေနဲ့ အဲသလိုနားလည်ပါတယ်”

ဦးပညာဇောတမိန့်ကြားခဲ့တာပါ။ ရွှေညဝါဆရာတော် ဦးပညာသီဟဟာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို အကူအညီပေးခဲ့ပြီး ပရိယတ္တိစာပေတွေကိုလည်း သင်ကြားပို့ချပေးနေသူတပါး ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုဘဲလ်ငြိမ်းချမ်းရေးဆု ရတာ အနှစ်၂၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကိုလည်း ဆရာတော်ရဲ့သာဓုကျောင်းတိုက်မှာ ကျင်းပ ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရဲ့မြန်မာပြည်ခရီးစဉ်အတွင်းမှာလည်း လူမှုကူညီရေး ဆောင်ရွက်တဲ့ပုဂ္ဂိုလ်တဦးအဖြစ် ဆုံတွေ့ခဲ့ပါသေးတယ်။ ဆရာတော်ဟာ တရားဟောခွင့် တနှစ် အပိတ်ခံထားရတဲ့ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG