ဆီးရီးယားနိုင်ငံတဝန်းမှာ မနေ့ကဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေအတွင်း ဆီးရီးယားတပ်ဖွဲ့ဝင် ၈ ဦး အပါအ၀င် လူ ၂၅ ဦး ထက်မနည်း သေဆုံးခဲ့တယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ ဆီးရီးယားတပ်ဖွဲ့ဝင်တွေ သေဆုံးရတာက ပြည်သူတွေဘက် ပူးပေါင်းလာခဲ့တဲ့ အရင် စစ်သားဟောင်းတွေရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေဖြစ်နေတဲ့ ဟာမားမြို့နားကို အစိုးရတပ်ဖွဲ့ရဲ့ စစ်ယာဉ်တန်း မောင်းနှင်လာတုန်း ခြုံခိုတိုက်ခိုက်ခဲ့တာလို့ ဗြိတိန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်နေတဲ့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ပြီးခဲ့တဲ့မတ်လက စတင်ခဲ့တဲ့ ဆီးရီးယားနိုင်ငံက အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေအတွင်း သေဆုံးသူပေါင်း ၅,၀၀၀ ကျော်ပြီလို့ ကုလသမဂ္ဂက ပြောထားပါတယ်။
ဒါပေမဲ့ကုလသမဂ္ဂဆိုင်ရာ ဆီးရီးယားသံအမတ်ကြီးကတော့ ဒီအရေအတွက်ကို မဖြစ်နိုင်ဘူးလို့ ငြင်းဆိုပါတယ်။ ပိုနေမြဲ၊ ကျားနေမြဲအခြေအနေက ဆီးရီးယားမှာအလုပ်မဖြစ်ဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝိုင်းလုပ်ရမယ့် အခြေအနေရောက်ပြီလို့လည်း မစ္စတာဘန်ကီမွန်းက ပြောပါတယ်။