အီရတ်နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာဆိုတဲ့ အိပ်မက်က အခု တကယ်ဖြစ်လာခဲ့ပြီလို့ အမေရိကန်ကာကွယ်ရေး ဝန်ကြီးလီယွန်ပန်နက်တာက ပြောလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အီရတ်နိုင်ငံကစစ်ရေးလုပ်ငန်းတွေ အဆုံးသတ်တဲ့အနေနဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဘဂ္ဂဒက်မြို့တော်က အခမ်းအနားမှာ မနေ့တုန်းက ပြောခဲ့တာပါ။
အီရတ်နဲ့ အမေရိကန်ပြည်သူတွေအတွက် သမိုင်းတင်မယ့် အဖြစ်ပဲလို့လည်း ပြောခဲ့ပါတယ်။ အီရတ်မှာ ကျန်နေသေးတဲ့ အမေရိကန်တပ်ဖွဲ့တွေပြန်ရုပ်သိမ်းဖို့ နောက်ဆုံးရက်သတ်မှတ်ထားတဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ မတိုင်ခင်မှာ ကာကွယ်ရေးဝန်ကြီးက ပြောခဲ့တာပါ။ အမေရိကန်တပ်ဖွဲ့တွေ အီရတ်မှာ ၄,၀၀၀ လောက်ကျန်နေပါသေးတယ်။
အီရတ်စစ်ပွဲမှာ အမေရိကန် တပ်ဖွဲ့ဝင်တွေ ၁၇၀,၀၀၀ လောက် အထိ ပါဝင်ခဲ့တာပါ။ အီရတ်ပြည်သူတွေအတွက် သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ဖို့ အာဏာရှင်လက်အောက်ကနေ လွတ်မြောက်ဖို့၊ ငြိမ်းချမ်းရေးနဲ့တိုးတက်ကြီးပွားဖို့ သူတို့ ကူညီခဲ့တယ်ဆိုတဲ့အသိနဲ့ အီရတ်ကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ထွက်ခွါကြလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး ပန်နက်တာကပြောပါတယ်။