သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လယ်မြေသိမ်းကိစ္စ တရုတ်လယ်သမားတွေ ဆန္ဒပြ


China Protest
China Protest

တရုတ်နိုင်ငံ တံငါရွာလေးတရွာက ရွာသားရာပေါင်းများစွာဟာ သူတို့ရဲ့ လယ်မြေတွေအသိမ်းခံရတဲ့ အတွက်ရော၊ သူတို့ရဲ့ အကြီးအကဲကို ရဲတွေဖမ်းထားစဉ်မှာ သေဆုံးသွားတဲ့အတွက်ပါ ဆန့်ကျင် ဆန္ဒပြပွဲတွေ ကျင်းပပြီး အာဏာပိုင်တွေကို အန်တုခဲ့ကြပါတယ်။

ကြာသာပတေးနေ့ ဆန္ဒပြပွဲနဲ့ချီတက်ပွဲတွေမှာ ဂွမ်ဒေါင်း (Guangdong) ပြည်နယ်၊ ဝူကန်(Wu Kan) ရွာသားတွေက သူတို့ရဲ့သဘောဆန္ဒမပါဘဲ သူတို့လယ်မြေတွေကို သိမ်းပြီး တည်ဆောက်ရေး လုပ်ငန်းရှင်တွေကို ရောင်းချခဲ့တယ်လို့ စွတ်စွဲပြောဆိုခဲ့ကြပါတယ်။ ရွာသားတွေဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ နှိမ်နင်းမှုကို ကာကွယ်ဖို့အတွက် ရွာရိုးတလျှောက် အတားအဆီးတွေ ချထားခဲ့ကြပါတယ်။

ဗဟိုအစိုးရက ဒီပြသာနာကို ဝင်ပြီး တရားမျှတအောင် ဆောင်ရွက်ပေးဖို့ ရွာသားတွေက တောင်းဆိုကြပါတယ်။ လယ်ယာမြေ သိမ်းဆည်းခံရတဲ့အတွက် ဖြစ်လာတဲ့ လနဲ့ချီတဲ့ အငြင်းပွားမှုနဲ့ မငြိမ်သက်မှုတွေ၊ ထပ်ခါတလဲလဲဆန္ဒပြမှုတွေ Wu Kan ရွာတဝိုက်မှာ ဖြစ်ပွားနေခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ ရဲတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ Wu Kan ရွာ အကြီးအကဲ သေဆုံးခဲ့ရပြီး ပေါ်ပေါက်တဲ့ ဆန္ဒပြပွဲကတော့ လတ်တလောဖြစ်ခဲ့တဲ့ဆန္ဒပြပွဲတွေထဲမှာ နောက်ဆုံးဖြစ်ပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ဇူဂျင်းဘို (Xue Jinbo) ဟာ နှလုံးရောဂါကြောင့် သေဆုံးခဲ့ရတာလို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပေမဲ့ သူဟာအရိုက်ခံရလို့ သေဆုံးခဲ့ရတာလို့ Xue ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။ တည်ဆောက်ရေးလုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားမယ်လို့ မြို့တော်ဝန် ဝူဇီလီ Wu Zili က ကတိပေးပေမဲ့ ဆူပူမှုအတွက် တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း သူက သတိပေးပြောဆိုပါတယ်။

XS
SM
MD
LG