သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး ပဏာမဆွေးနွေး


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး ပဏာမဆွေးနွေး
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေး ပဏာမဆွေးနွေး

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်လမ်း ရိုက်ကူးရေးကိစ္စအတွက် ရုပ်ရှင်ဇာတ်ကား ဖြစ်မြောက်ရေးကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလ ၂၀ ရက်၊ အင်္ဂါနေ့မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဇာတ်ညွန်းရေးဖို့ အပါအဝင် ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်မယ့် ဇာတ်ဆောင်ကို ရွေးချယ်ရေးကိစ္စတွေ၊ ရိုက်ကူးရေး နည်းပညာပိုင်းဆိုင်ရာတွေကို ပဏာမ ဆွေးနွေးခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ဇာတ်ကားဖြစ်မြောက်ရေး ပါဝင်လုပ်ဆောင်နေကြသူတွေနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ရိုက်ကူးဖို့ အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ဖွဲ့စည်းလိုက်တဲ့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးကော်မတီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ၂၀ ရက်၊ အင်္ဂါနေ့ နေ့လည်ပိုင်းက ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ တွေ့ခဲ့ကြတာပါ။

ကော်မတီအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမိုင်းကြောင်းတွေကို ပြည့်ပြည့်စုံစုံ သိရအောင် စာအုပ်စာပေတွေထဲမှာသာမက သမိုင်းပညာရှင်တွေရဲ့ အချက်အလက်စုဆောင်းပေးမှုတွေကိုလည်း လေ့လာနေပြီး ဇာတ်ညွန်းရေးနိုင်ဖို့ စီစဉ်နေကြတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကား ဖြစ်မြောက်ရေးကော်မတီက ပြောပါတယ်။

ဒီလိုဇာတ်ညွန်းကိစ္စအပြင် ဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်တို့ နေရာကနေ သရုပ်ဆောင်ဖို့ ရွေးချယ်ရမယ့် မျက်နှာသစ်သရုပ်ဆောင်ကိစ္စတွေ အတွက် ဆွေးနွေးခဲ့ကြတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဇာတ်ကားဖြစ်မြောက်ရေးကော်မတီက ပြန်ကြားရေးတာဝန်ခံ ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူသျှင် ကပြောပါတယ်။

“ဇာတ်ညွှန်းအတွက်ကို ဗိုလ်ချုပ်ရဲ့သမိုင်းကြောင်း၊ ကော်မတီဝင်တွေအားလုံးသိဖို့လိုတယ်ဆိုပြီးတော့ သမိုင်းကြောင်းနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ဝယ်လို့ရတဲ့စာအုပ်တွေရော၊ ဝယ်လို့မရတဲ့ ပုံနှိပ်ပေါ်ကို မရောက်လာတဲ့ တကယ့် ဗိုလ်ချုပ်ရဲ့အကြောင်း အတ္ထုပ္ပတ္တိကို သမိုင်းပညာရှင်များအနေနဲ့ ရှာပေးတယ်။ ရှာပေးပြီးတဲ့အခါမှာ မိတ္တူဆွဲပြီးတော့ ကော်ပီတွေ တယောက်တအုပ်ယူကြတယ်။ တယောက်တအုပ်ယူပြီးတဲ့အခါမှာ ကိုယ့်အိုင်ဒီယာနဲ့ကိုယ် gist (အကျဉ်းချုပ်) တွေ ထုတ်ရမယ်။ ထုတ်ပြီးတော့ ဆွေးနွေးရမယ်။ ဆွေးနွေးပြီးတဲ့အခါမှာ ဇာတ်ညွှန်းပေါ့လေ- အကြိမ်ကြိမ်ရေးမှတ်မယ်လို့ ဆုံးဖြတ်ထားကြတယ်။ ဆုံးဖြတ်ပြီးတော့ ဒီနေ့တွေ့တဲ့အခါမှာ အန်တီစုကို အဲဒီအကြောင်း ပြောပြတယ်။ ပြောပြပြီးတဲ့အခါမှာ အန်တီစုက သရုပ်ဆောင်ကိုစိတ်ပူတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်က မျက်နှာသစ်ဖြစ်မယ်၊ ဒေါ်ခင်ကြည်နေရာကလည်း မျက်နှာသစ်ဖြစ်မယ်။ မျက်နှာသစ် ၂ ယောက်က လုပ်နိုင်ဖို့အတွက်ပေါ့လေ၊ ကြိုတင်ပြီးတော့ ရှာထားဖို့ရယ်၊ ဗိုလ်ချုပ်အောင်ဆန်းနေရာက သရုပ်ဆောင်မယ့်သူကို သေချာ train လုပ်ဖို့ရယ်ကို အန်တီစုက စိတ်ပူတဲ့အတွက်ကြောင့်မို့လို့ ဇာတ်ညွှန်းမပီးခင်၊ ဇာတ်ညွှန်းစပြီးတော့ အကောင်အထည်ဖော်နေတဲ့အချိန်မှာကိုပဲ သရုပ်ဆောင်လေ့ကျင့်မှုအပိုင်းကို လုပ်စေချင်တဲ့အကြောင်း ပြောတယ်”

ဇာတ်ကားရိုက်ကူးရေးအတွက် ရုပ်ရှင်သရုပ်ဆောင် ကျော်သူက သူတို့ပိုင်တဲ့ အမျိုးသားရုပ်ရှင်ကို လုပ်ငန်းတွေနဲ့ ရိုက်ကူးရေးအတွက် လှူဒါန်းခဲ့သလို ဇာတ်ကားအတွက် လိုအပ်မယ့် နိုင်ငံခြားဆီက နည်းပညာပိုင်းဆိုင်ရာတွေ ကိစ္စတွေအတွက်လည်း တိုင်ပင်ခဲ့ကြပါတယ်။

“ဦးကျော်သူပေါ့လေ။ ဦးကျော်သူက သူတို့ရဲ့အမျိုးသားရုပ်ရှင်ကို ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရိုက်ကူးရေးအတွက် သူက လှူတယ်လို့ အန်တီစုကိုပြောတယ်။ ဆွေးနွေးရင်းကနေပြီးတော့မှ ကော်မတီထဲမှာ ဆွေးနွေးကြတာကတော့ ဦးကျော်သူက ဒုတိယဥက္ကဋ္ဌအနေနဲ့ ပါဝင်သွားပြီပေါ့လေ။ ပါဝင်တဲ့သူတွေနဲ့ နောက်တခုက နိုင်ငံခြားပေါ့လေ၊ နိုင်ငံခြားဘက်က အကူအညီလာမယ်ဆိုတဲ့အခါမှာလည်း အင်္ဂလန်နိုင်ငံပါဖြစ်လာမယ်။ ဂျပန်ပါဖြစ်လာမယ်။ဒါကြောင့် အင်္ဂလန်ပြည်က အကူအညီလိုတယ်။ ဂျပန်ပြည်က အကူအညီလိုတယ်။ စက်ပစ္စည်းပိုင်းဆိုင်ရာ အကူအညီဆိုရင်လည်း ကိုယ့်ရဲ့ဘက်က ဘာတွေလိုအပ်လဲ။ လိုအပ်တဲ့အရာကို သေချာပြောပေါ့။ ဟိုဘက်က ကူညီမယ့်အရာတွေကလည်း ဘာတွေကူညီမှာလဲ။ အဲဒါတွေကို နည်းနည်းထပ်ပြီးတော့ ကော်မတီနဲ့ နိုင်ငံခြားဘက်က ကူညီမယ့်သူတွေနဲ့တွေ့ဆုံပြီးတော့မှ ထပ်ပြီးနောက်တဆင့်ဆွေးနွေးရမယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီးတော့လည်း အကြမ်းဖျင်းလေးပြောကြတယ်”

ဒါရိုက်တာ ကြည်ဖြူသျှင်ပါ။ ဗိုလ်ချုပ်အောင်ဆန်းနေရာမှာ သရုပ်ဆောင်ဖို့နဲ့ ဇနီးဖြစ်တဲ့ ဒေါ်ခင်ကြည်ရဲ့နေရာတွေအတွက် မျက်နှာသစ် သရုပ်ဆောင်တွေကို မကြာခင် ကြေညာကာ စတင်ရွေးချယ်ဖို့ စီစဉ်နေပြီလို့ ကော်မတီဝင်တဦးဖြစ်တဲ့ ဒါရိုက်တာ ဝိုင်းက ပြောပါတယ်။ ဘာကြောင့် လက်ရှိ သရုပ်ဆောင်တွေထဲက မရွေးဘဲ မျက်နှာသစ်တင်ကာရိုက်ဖို့ စီစဉ်သလဲဆိုတာနဲ့ပတ်သက်လို့တော့

“လောလောဆယ်လက်ရှိသရုပ်ဆောင်တွေထဲမှာပေါ့နော်-ဗိုလ်ချုပ်အောင်ဆန်းနဲ့ အသွင်သဏ္ဍန်တူတဲ့သူ မရှိပါဘူး။ ၁-အချက်၊ ၂-အချက်က သူနဲ့တော်တော်လေး ရုပ်တူတဲ့သူရွေးပြီးတော့ သူ့ရဲ့လေသံကအစ၊ အပြောအဆိုကအစ တူမှ ဗိုလ်ချုပ်လို့ ကျနော်တို့ ဗမာပြည်သူပြည်သား တွေက လက်ခံပြီး ခံစားနိုင်မယ်၊ ကျနော်တို့အတွက် သင်ရတာက အခက်အခဲရှိသော်ငြားလည်း ကျနော်တို့ တနှစ်လောက်အချိန်ရတဲ့အတွက် သူ့ကို ကျနော်တို့ ဗိုလ်ချုပ်နဲ့တူအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ တပတ် နှစ်ပတ်အတွင်းမှာ ရုံးခန်းလိပ်စာ အတည်တကျဖြစ်ရင် မျက်နှာသစ်သရုပ်ဆောင်ရွေးတာနဲ့ပတ်သက်ပြီး ဂျာနယ်တွေမှာ ဖောင်ပုံစံကိုတင်ပေးပါမယ်။ ဗမာတနိုင်ငံလုံး အတိုင်းအတာနဲ့ရွေးမှာပါ။ အသက်အပိုင်းအခြားလေး ၂၀ ကနေ၊ ၃၀ ကြား ကန့်သတ်ထားတာတခုပဲရှိပါတယ်”

ရုပ်ရှင် ဒါရိုက်တာ ဝိုင်းပြောပြခဲ့တာပါရှင်။ လာမယ့် ၂၀၁၅ ဟာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် ဖြစ်တဲ့အတွက် အဲဒါအမှီ ဗိုလ်ချုပ် အထ္ထုပ္ပတ္တိ ရိုက်ကူူးဖို့ မြန်မာ့ရုပ်ရှင်အနုပညာရှင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စီစဉ်နေကြတာဖြစ်ပြီး ဒီဇာတ်ကားဖြစ်မြောက်ရေး ကော်မတီရဲ့ နာကယအဖြစ်လည်း ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG