သုံးရလွယ်ကူစေသည့် Link များ

တရားစွဲခံရတဲ့ အီရတ် ဒုသမ္မတ ဟာရှိမီ ကဒ်ဒေသမှာ ခိုလှုံ

  • ဗွီအိုအေ (မြန်မာဌာန)

တရားစွဲခံရတဲ့ အီရတ် ဒုသမ္မတ ဟာရှိမီ ကဒ်ဒေသမှာ ခိုလှုံ

အီရတ်နိုင်ငံရဲ့ဒုသမ္မတ အာရစ်၊ အယ်လ်၊ ဟာရှိမိက တခြားအစိုးရအရာရှိတွေကို သတ်ဖြတ်ဖို့ ကြံစည်တယ် ဆိုတဲ့ စွပ်စွဲချက်ဟာ အမေရိကန်တပ်တွေ ဒီလပိုင်း အီရတ်ကနေ ပြန်လည်ထွက်ခွာသွားချိန်မှာ အာဏာကို ထိန်းနိုင်ဖို့ အီရတ်ဝန်ကြီးချုပ်ရဲ့ နိုင်ငံရေးရည်ရွယ်ချက်နဲ့ အကွက်ချလုပ်ဆောင်မှုလို့ ဟာရှိမိက ပြောကြားလိုက်ပါတယ်။

ဝန်ကြီးချုပ် အယ်လ်၊ မာလိကီက အီရတ်လုံခြုံရေးနဲ့ ထောက်လှမ်းရေးတပ်တွေကို ထိန်းချုပ်ထားသလို တခြား ရွေးကောက်ပွဲအနိုင်ရ အရာရှိတွေကိုလည်း ဝင်ရောက်စွက်ဖက်ခွင့် မပြုဘူးလို့ ဗုဒ္ဓဟူးနေ့ လူတွေ့မေးမြန်းခန်းမှာ ဟာရှိမိက ပြောတာပါ။ သူ့ကို ဒီအပတ်ထဲမှာပဲ ဖမ်းဝရမ်းထုတ်ခဲ့တာမို့ မြောက်ပိုင်းက တစိတ်တဒေသ ကိုယ်ပိုင် အုပ်ချုပ်ရေးရှိနေတဲ့ ကဒ် ဒေသကို ဒုသမ္မတ ဟာရှိမိက ထွက်ပြေးခဲ့တာပါ။

ရှီရာတွေဦးဆောင်တဲ့ အီရတ်အစိုးရအဖွဲ့ရဲ့ စွပ်စွဲချက်တွေကို ဆွန်နီဘာသာဝင်ဖြစ်တဲ့ ဟာရှိမိက ငြင်းဆိုပါတယ်။ အမေရိကန်နိုင်ငံဟာ အီရတ်မှာ ဒီမိုကရေစီနည်းကျဖြစ်အောင် လုပ်မပေးနိုင်ဘဲ အိမ်နီးချင်း အီရန်နိုင်ငံရဲ့စစ်ကွင်းထဲမှာ အီရတ်ကို ထားရစ်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဗုဒ္ဓဟူးနေ့အစောပိုင်းမှာတော့ ဒု သမ္မတ ဟာရှိမိကို လွှဲပြောင်းပေးဖို့အတွက် ကဒ်အာဏာပိုင်တွေကို ဝန်ကြီးချုပ် မာလိကိက ဘဂ္ဂဒက် သတင်းစာရှင်းလင်းပွဲကနေ တောင်းဆိုလိုက်ပါတယ်။ ဟာရှိမိရဲ့ကိုယ်ရံတော် အစောင့် တပ်သား ၃ ဦးကတော့ အီရတ်အစိုးရနဲ့လုံခြုံရေးအရာရှိတွေကို ပစ်မှတ်ထားတဲ့ ဗုံးဖောက်ခွဲမှုတွေလုပ်ဖို့အတွက် ဟာရှိမိရဲ့ထောက်ခံမှုနဲ့ စီစဉ်ခဲ့တယ်လို့ ဝန်ခံခဲ့ကြကြောင်း အီရတ်ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောပါတယ်။

XS
SM
MD
LG