ဟော်မုဇ် (Hormuz) ရေလက်ကြားထဲမှာ သွားလာခုတ်မောင်းနေတဲ့ ရေနံတင်သင်္ဘောတွေကို ပိတ်ဆို့မယ်လို့ အီရန်က ခြိမ်းခြောက်နေတာကို အမေရိကန် ရေတပ်က နည်းနည်းမှ သည်းညည်းခံမှာ မဟုတ်ဘူးလို့ ဘာရိန်းမှာ အခြစိုက်တဲ့ အမေရိကန်အမှတ်(၅)ရေတပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက အမျိုးသမီးအရာရှိ ဗိုလ်ကြီး ရေဘက္ကာ ရေဘာရစ်(ချ်) Rebecaa Rebarich က ဒီဇင်ဘာ (၂၈) ရက်နေ့မှာ ဗီအိုအေကို ပြောကြားခဲ့ပါတယ်။
ဟော်မုဇ် ရေလက်ကြားထဲမှာ ကုန်စည်အမျိုးမျိုး ဖြတ်သန်းစီးဆင်းနေတာကြောင့် ဒီရေလက်ကြားဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စည်ပင် ဝပြောမှုအတွက် အရေးပါနေပြီးတော့ ဒီရေလက်ကြားမှာ လွတ်လပ်စွာကူးသန်းသွားလာနေမှုကို ထိခိုက်စေမယ့် ဘယ်လို ရန်လိုလုပ်ဆောင်မှုကိုမဆို ရင်ဆိုင်တုန့်ပြန်သွားဖို့ အမေရိကန်ရေတပ်က အဆင်သင့်ရှိနေတယ်လို့လည်း ဗိုလ်ကြီး ရေဘက္ကာက ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့အစောပိုင်းက အီရန်ရဲ့ ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟာဗီဘိုလာ ဆေ ရာရီ (Admiral Habibollah Sayyari) က ဟော်မုဇ် ရေလက်ကြားထဲကို ပိတ်ဆို့လိုက်ဖို့ အီရန်ရေတပ်အတွက် အလွန်လွယ်ကူတဲ့ အလုပ်ဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့် ချက်ချင်းတော့ ဒီလို လုပ်စရာမလိုသေးဘူးလို့လည်း ဆိုခဲ့ပါတယ်။
အီရန်ရဲ့ အငြင်းပွားဖွယ် နျူကလီယား အစီအစဉ်ကြောင့် အီရန်ရဲ့ ရေနံတင်ပို့ရောင်းချမှုကို အနောက်နိုင်ငံတွေက အရေးယူပိတ်ဆို့ဒဏ်ခတ်တာကို တုန့်ပြန်တဲ့အနေနဲ့ ပါရှန်ပင်လယ်ကွေ့ (Gulf of Persian) ရဲ့ အဝင်ဝ ဟော်မုဇ် (Hormuz) ရေလက်ကြားကို အီရန်ရေတပ်က ပိတ်ဆို့ထားဖို့ ဖြစ်နိုင်ခြေနဲ့ပတ်သက်ပြီးတော့ အီရန် ဒုတိယသမ္မတ မိုဟာမက်ရီဇာ ရာဟီမီ (Mohammad Reza Rahimi) ကလည်း အင်္ဂါနေ့က ပြောဆိုတာမှာ အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ဆို့ဒဏ်ခတ်ရင် ဟော်မုဇ်ရေလက် ကြားထဲမှာ ရေနံတစ်စက်မှ ဖြတ်သန်းလို့ မရဘူး ဖြစ်သွားစေရမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေန့က စပြီးတော့ ဟော်မုဇ် ရေလက်ကြားနဲ့ အနီးတဝိုက်ရေပြင်ထဲမှာ အီရန်ရေတပ်ရဲ့ (၁၀) ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့ပါတယ်။