မြန်မာနိုင်ငံကိုရောက်နေတဲ့ သြစတျေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Kevin Rudd ဟာ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို မြန်မာ အစိုးရအဖွဲနဲ့ တွေ့ဆုံစဉ် တိုက်တွန်းတောင်းဆိုခဲ့ပေမယ့် အစိုးရဆီက တိကျတဲ့ အဖြေမရခဲ့ဘူးလို့ မြန်မာ့နိုင်ငံရေး ပါတီတွေကို ပြောပါတယ်။ မစ္စတာ Kevin Rudd ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဒီကနေ့ တွေ့ဆုံပြီး မြန်မာနိုင်ငံကို သြစတျေးလျနိုင်ငံက ကူညီပေးနေတဲ့ ကိစ္စတွေအတွက် ဆွေးနွေးခဲ့ကြသလို မြန်မာ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံစဉ်မှာ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ အတူ နယ်စပ်ဒေသအခြေအနေတွေကိုပါ ဆွေးနွေး မေးမြန်းခဲ့ပါတယ်။ ဒီကနေ့ Mr. Kevin Rudd ရဲ့ မြန်မာ့အရေးဆွေးနွေးမှု အခြေအနေတွေကိုတော့ မသင်းသီရိက မေးမြန်းတင်ပြထားပါတယ်။
ရန်ကုန်မြို့ ရွှေတောင်ကြားမှာရှိတဲ့ သြစတျေးလျ ကလပ်မှာ ဒီကနေ့ မနက် ၁၁ နာရီကနေ နေ့လည် ၂ နာရီကျော် ထိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ Kevin Rudd တို့ တွေ့ဆုံပြီး မြန်မာနိုင်ငံပေါ် သြစတျေးလျနိုင်ငံက အကူအညီပေးနေတဲ့ ကိစ္စတွေအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲချုပ်ရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင် က ပြောပါတယ်။
“အထွေထွေအတွင်းရေးမှူးနဲ့အတူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်၊ အထွေထွေ အတွင်းရေးမှူး (၁) ရဲ့ ရုံးအဖွဲ့ဝင် ဦးထင်ကျော်တို့ လိုက်ပါသွားပါတယ်။ တွေ့ဆုံရာမှာ သြစတျေးလျနိုင်ငံခြားရေးဝန်ကြီးက သြစတျေးလျနိုင်ငံက မြန်မာနိုင်ငံကို လူမှုရေးအရ NGO တွေကနေတဆင့် အကူအညီပေးနေပုံတွေကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြတယ်လို့ သိရပါတယ်။ ဆွေးနွေးချက်တွေကို ထုတ်ပြန်ခြင်းမပြုဘူးလို့လည်း သိရပါတယ်။”
ဒီလို လူသားချင်း စာနာထောက်ထားမှု ကူညီရေးဆိုင်ရာ အခြေအနေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ Mr. Kevin Rudd တို့ ဟာ လက်ရှိနိုင်ငံရေး အခြေအနေတွေကိုလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့တော့ Mr. Kevin Ruddဟာ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီနဲ့အတူ ဒီမို ကရက်တစ်ပါတီ(မြန်မာ) အပြင် ရှမ်း၊ ကချင် အဖွဲ့တွေအပြင် မွန် ဒေသလုံးဆိုင်ရာပါတီ၊ ရခိုင် အမျိုးသားများ တိုးတက်ရေးပါတီလို တိုင်းရင်းသားနိုင်ငံရေး ပါတီအဖွဲ့တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာ့နိုင်ငံရေးအခြေအနေတွေကို သိချင်သမျှမေးမြန်းခဲ့ပါတယ်။ သူ့အနေနဲ့ မြန်မာအစိုးရအဖွဲ့က ထိပ်တန်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးကိစ္စကို အဓိက တိုက်တွန်းခဲ့တာကို သူ ပြောပြခဲ့တဲ့အကြောင်း NDF ပါတီက ဦးခင်မောင်ဆွေက ပြောပါတယ်။
“သူကတော့ အကျဉ်းသားပြဿနာနဲ့ပတ်သက်လို့ သမ္မတကြီးကို တိုက်တွန်းခဲ့တဲ့ အကြောင်း၊ နိုင်ငံရေးအကျဉ်းသား ၂ ထောင်ကျော် ရှိနေတာကို ပြန်လွှတ်ပေးဖို့ သူ တိုက်တွန်းခဲ့တဲ့အကြောင်း ကို ပြောပြပါတယ်။ ပြောတော့လည်း တဘက်က တိကျတဲ့အဖြေကို သူမရလိုက်ဘူးလို့ ပြောတယ်ဗျ။
အခုသွားနေတဲ့ နိုင်ငံရေးပုံစံအပေါ်မှာ ဘယ်လိုမြင်သလဲ လို့ မေးတော့ ကျနော်တို့က ပြောပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကလည်း ဘာမှ ကျနော်တို့ မလုပ်နိုင်ခဲ့ဘူး။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးကို ကျနော်တို့ လုပ်ကြတယ်ဆိုသော်လည်း ဘာမှ ထွန်းထွန်းပေါက်ပေါက် ဖြစ်မလာဘူး။ မလုပ်ခဲ့နိုင်ဘူးပေါ့။ အခုကျတော့ကာ ရလာတဲ့အခွင့်အရေးကို ယူပြီးတော့ ဒီလမ်းပေါ်ကို လျှောက်တဲ့အခါ ပူးပေါင်းဆောင်ရွက်ရေးကို တိုင်းပြည်တည်ဆောက်ရေးအတွက် ကြိုးပမ်းတဲ့ လမ်းကြောင်းပေါ်မှာတော့ ဆက်ရှိနေပြီ။ ဒီလမ်းကြောင်းပဲ ထွက်ပေါက်ရှိလို့ ဒီလမ်းကြောင်းကိုပဲ ကျနော်တို့ ဆက်သွားနေတယ်လို့ အကြမ်းဖျဉ်း ရှင်းပြတာပေါ့ဗျာ။
သူကလည်း သူတို့အနေနဲ့လည်း ဒီလို သွားနေတဲ့ဟာကို လက်ခံပါတယ်တဲ့။ ဒီလိုပဲ သွားရမယ် ဆိုတာကိုလည်း သူတို့ မြင်တွေ့နေပါပြီတဲ့။ သွားပုံသွားနည်းကို သူတို့ လက်ခံပါတယ်တဲ့။ ဒီလို ပြောပါတယ်။”
ဒါ့အပြင် ကချင်ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အခြေအနေတွေကိုလည်း မစ္စတာ Kevin Rudd က မေးမြန်းခဲ့ပါတယ်။
“နယ်စပ်မှာဖြစ်တဲ့ ပြဿနာတွေကတော့ ရပ်ဆိုင်းနေသင့်တယ်ပေါ့ ဗျာ။ ဟိုမှာတော့ ညှိနှိုင်းမှုတွေတော့ စနေပြီပေါ့-အစိုးရနဲ့။ ညှိနှိုင်းမှုတွေ စနေတဲ့အချိန်မှာပဲ တဘက်မှာလည်း တိုက်ခိုက်မှုတွေလည်း ဆက်ရှိနေသေးတယ်ပေါ့။ ဒါတွေကတော့ ဘယ်လောက်ထိကြာအောင် ဆက်ဖြစ်နေအုံးမလဲ။ ဘာလဲ ဆိုတာတော့ သူတို့လည်း မသိဘူးပေါ့။ မသိနိုင်ဘူးပေါ့။
ဒီမိုကရေစီမှာ အခြေခံတွေ လိုပါတယ်ပေါ့။ Institutions တွေပေ့ါ။ Institutions တွေရှိမှ ဒီမိုကရေစီလမ်းလျှာက်တဲ့ နေရာမှာ ရေရေရာရာ ဖြစ်သွားမယ်။ ဒီလူတွေလည်း ဒီမိုကရေစီ အကျင့်၊ အလေ့စရိုက်တွေ ဖြစ်သွားမယ်။ ဒါကြောင့် မြန်မာနိုင်ငံသားတွေထဲက သင့်တော်တဲ့ ပုဂ္ဂိုလ်တွေကို ပြည်တွင်းမှာ နိုင်ငံရေးသင်တန်းတွေဖြစ်နိုင်အောင် ဖြစ်သွားအောင်ဆိုပြီး Capacity Building တွေကို ပေးဖို့အတွက် ရည်ရွယ်ထားတာ ရှိပါတယ်ပေါ့။ အဲဒီလို ပြောသွားပါတယ်”
NDF ပါတီက ဦးခင်မောင်ဆွေပါ။
သြစတျေးလျ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Mr. Kevin Rudd ဟာ ဇွန်လ ၃၀ ကြာသာပတေးနေ့ ကနေပြီး ဒီကနေ့ ဇူလိုင်လ ၂ ရက်နေ့အထိ ၃ ရက်ကြာ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပြီး သူ့ခရီးစဉ်အတွင်းမှာ အစိုးရအဖွဲ့နဲ့ရော နိုင်ငံရေးပါတီတွေအပြင် မြန်မာနိုင်ငံထဲမှာ အခြေစိုက် လုပ်ကိုင်နေတဲ့ NGO လိုအဖွဲ့တွေနဲ့အတူ UNHCR လို ဒုက္ခသည်များဆိုင်ရာအဖွဲ့ကြီးတွေနဲ့လည်း တွေ့ဆုံသွားပါတယ်။
Mr. Kevin Rudd ဟာ လက်ရှိမြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး ပြူပြင်ပြောင်းလဲမှုဆိုင်ရာ အခြေအနေတွေ အပါအဝင် စီးပွားရေးဆိုင်ရာအခြေအနေတွေ၊ လူ့အခွင့်ရေး ဆိုင်ရာနဲ့အတူ လူသားချင်းကူညီရေးဆိုင်ရာ ကိစ္စတွေ အတွက် မြန်မာနိုင်ငံကို ရောက်နေတာ ဖြစ်ပါတယ်။ သြစတျေးလျနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာတွေ တိုးတက်ဖို့ အတွက် အစဉ်တစိုက်အားပေးခဲ့တဲ့ နိုင်ငံ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း အရင်စစ်အစိုးရရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့အတွက် ကူလသမဂ္ဂက စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းရေးကိစ္စကို သြစတြေးလျနိုင်ငံက ထောက်ခံထားပါတယ်။