သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသား နည်းပါး


လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသား နည်းပါး
လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် လွတ်လာတဲ့နိုင်ငံရေးအကျဉ်းသား နည်းပါး

နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်လို့ အမိန့်ထုတ်ပြန် လိုက်တာဟာ ခေါင်းစဉ်လွဲမှားနေပြီး မြန်မာ အစိုးရဟာ ပြည်တွင်းပြည်ပ အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းအသီးသီးကို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ပတ်သက်ပြီး ပေးခဲ့တဲ့ ကတိကဝတ်တွေကို ဖောက်ဖျက်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာအရပ်သား အစိုးရတက်လာအပြီး တတိယအကြိမ်မြောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ဇန်နဝါရီ (၂) ရက် နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ အခု လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်ဆိုပေမယ့် လက်တွေ့မှာ အကျဉ်းသားတွေကို ထောင်ဒဏ်လျှော့ပေးတာမျိုးသာ ဖြစ်နေတာမို့ ဒီလွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ခေါင်းစဉ်နဲ့ လွဲနေတယ်လို့ အများက သုံးသပ်ကြပါတယ်။ ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြား နှစ်ရှည်အကျဉ်းကျနေတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေအပြင် တခြားနိုင်ငံရေး အကျဉ်းသားတွေ မကြာခင် လွတ်လာနိုင်တယ် ဆိုပြီးတော့လည်း မျှော်လင့်နေကြတာပါ။

သူတို့အားလုံးကို အမြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့ ပြည်တွင်းကနိုင်ငံရေး အင်အားစုတွေကိုရော အမေရိကန်အပါအဝင် ဥရောပသမဂ္ဂလိုအဖွဲ့နဲ့အတူ ကုလသမဂ္ဂလို အဖွဲ့ကြီးကိုပါ မြန်မာ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီးပေးထားတဲ့ ကတိကဝတ်တွေကို ဒီလွတ်ငြိမ်းချမ်းသာခွင့်အမိန့်က ဖျက်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။

“ခေါင်းစဉ်ကိုက လွဲနေတယ်ဗျ။ လျှော့ပေါ့ပေးတာဟာ ရှင်းရှင်းပြောရရင် သမ္မတကိုယ်တိုင်တောင် လုပ်စရာမလိုဘူး။ အကျဉ်းဦးစီးဌာနက အရာရှိတွေလုပ်လို့ရတဲ့ကိစ္စ၊ ဒီကိစ္စဟာ တကမ္ဘာလုံးကို သမ္မတကိုယ်တိုင်အပါအဝင် ဒီအစိုးရတဖွဲ့လုံးက ကမ္ဘာကိုလည်း ကတိပေးခဲ့တယ်၊ ဗမာပြည်ထဲမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးကိုလည်း အသိပေးခဲ့တယ်။ နောက်ပြီးတော့ သူတို့ရဲ့ မိသားစုတွေ ဘာတွေကိုရော မျှော်လင့်ချက်တွေ ပေးခဲ့တယ်။ အဲဒီဟာတွေအားလုံးကို အခုက ကတိကဝတ်တွေကို ဖောက်ဖျက်ပြီးတော့ ဒီအစိုးရဟာ သူတို့ကိုယ်သူတို့ ကမ္ဘာ့လူပုံအလယ်မှာ အရှက်ခွဲတာပဲ။ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲပြတာပဲ။ ကျနော်အဲလိုပဲ ယူဆပါတယ်”

ဒီကနေ့ လွတ်လာတဲ့ စာရင်းတွေထဲ နိုင်ငံရေးအကျဉ်းသားတွေအများအပြားမပါလာပါဘူး၊ ဒီကနေ့ သာယာဝတီထောင် ရှေ့မှာ သတင်းသွားယူနေတဲ့ သတင်းထောက်တဦးက သာယာဝတီထောင်ရှေ့ကအခြေအနေကို အခုလိုပြောပြပါတယ်။

“ဟုတ်ကဲ့။ နိုင်ငံရေးအကျဉ်းသားဆိုလို့ တယောက်မှ မပါပါဘူး။ အကုန်လုံးလည်း ထွက်လာကြပါတယ်ဗျ။ အားလုံးပေါင်း ၈၆ ယောက် လို့ပြောတယ်ခင်ဗျ။ ၈၀ က သာမန်အကျဉ်းသားတွေ၊ ကျန်တဲ့ ၆ ယောက်ကတော့ စစ်တပ် ကကျတဲ့ အကျဉ်းသားတွေလို့ သိရပါတယ်။ ဒီလိုမျိုးပေါ့- နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တွေက လွတ်လာမယ်လို့ ယုံကြည်ပြီးတော့ ဖြစ်မလာတဲ့အတွက် ဝမ်းနည်းတယ်ပေါ့။ သူတို့အနေနဲ့ ဘယ်လိုထပ်ယုံရမလဲလို့ ပြောနေတယ်ခင်ဗျ။”

ပြည်တွင်း သတင်းထောက်တဦးပါ။ ၂၀၁၂ နှစ်ထဲ ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့နဲ့ လာမယ့် ပြည်ထောင်စုနေ့မှာ တကြိမ် လွတ်ငြိမ်းချမ်းသာခွင့်ရှိနိုင်တယ်လို့ ထင်ကြေးပေးနေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ အမြင်ကတော့

“အခု လျှော့ပေါ့ခံရတယ်ဆိုတဲ့သူတွေ၊ ခွန်ထွန်းဦးတို့၊ မင်းကိုနိုင်တို့အပါအဝင်ပေါ့ဗျာ၊ ဒီလူတွေဟာ ဘာမှမျှော်မနေပါနဲ့။ နော်-နောက်ထပ်လည်း ဒီလိုဟာမျိုးကို သူတို့က ပေးတော့မှာမဟုတ်ဘူး။ အဲဒီလိုဆိုခြင်းအားဖြင့် ဘာကို အဓိပ္ပာယ် သက်ရောက်သလဲဆိုတော့ ဒီလူတွေဟာ ဒီအကျဉ်းသား နိုင်ငံရေးခေါင်းဆောင်တွေကို လွှတ်မပေးဘူးလို့ သံဓိဌာန်ချပြီးသားဖြစ်တယ်။ လွတ်မပေးတာကိုလည်း လုပ်တယ်။ ဒါမျိုးနဲ့ပတ်သက်လို့ ကျနော်တို့ကိုယ်တိုင်လည်း၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒီလိုလွဲမှားတဲ့ကတိတွေပေးပြီးတော့ ဘာမှ မလုပ်ဘဲနဲ့ ဒီလိုစော်ကားမော်ကား လုပ်နေတဲ့ဟာတွေကို ဒေါ်အောင်ဆန်းစုကြည်ကလည်း လျှော့ပေ့ါပေးမှာမဟုတ်ဘူး။ အဲဒီတော့ သက်သာရာ သက်သာကြောင်းနဲ့စဉ်းစားမှာမဟုတ်ဘူးလို့ပဲ ကျနော် ယုံပါတယ်။”

NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ပါရှင်။ အခုလွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတဲ့ သမ္မတရဲ့အမိန့်ဟာ သာမန်ရာဇဝတ်မှုတွေနဲ့ ထောင်ကျနေတဲ့သူတွေအတွက်သာ အကျိုး သက်ရောက်မှုရှိနေတာတွေရတယ်လို့ ရန်ကုန်တိုင်းမ်စ် ဂျာနယ်ရဲ့ အယ်တီတာချုပ် ဦးကိုကို (စက်မှု)က သုံးသပ်ပါတယ်။

“နှစ်တိုကျတဲ့အမှုတွေပေါ့လေ၊ အခု ကျနော်တို့လူတွေအကုန် ပြောဆိုနေကြသလို ခိုး၊ ဆိုး၊ လုယက်၊ ခါးပိုက်နှိုက်-စသဖြင့်ပေါ့လေ၊ ချဲဒိုင်ကိုင် အဲဒါမျိုးလူတွေ- အမှုက၊ ပြစ်ဒဏ်နည်းနည်းနဲ့ ကျတဲ့သူတွေအတွက်က သူတို့က အခု မိလိုက်၊ ကျသွားလိုက်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာလိုက်၊ တချို့ ဝင်တဲ့သူတွေ ပြန်ဝင်သွားလိုက်၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ထွက်လာနိုင်လိုက် ဖြစ်သွားတယ်ဗျ။ အဲဒီတော့ နိုင်ငံတော်ကတော့ စေတနာတခု ရှိကောင်းရှိပါလိမ့်မယ်။ သို့သော် ကျနော်တို့အနေနဲ့ကတော့ လက်ရှိတကယ်ဖြစ်သွားတဲ့ အနေအထား အရတော့ အားလုံးမျှော်လင့်တဲ့ ယုံကြည်ချက်ကြောင့်အကျဉ်းချခံနေရတဲ့သူများရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာထက် ဒီလိုမျိုးလူတွေ အတွက်ကို ပိုပြီးတော့အခွင့်အလမ်းသာသွားတဲ့ပုံစံမျိုး ဖြစ်သွားတယ်။ အဲဒါတော့ တော်တော်လေးတော့ စိတ်မကောင်းစရာဖြစ်ပါတယ်”

ရန်ကုန်တိုင်းမ်စ်ဂျာနယ်ရဲ့ အယ်တီတာချုပ် ဦးကိုကို (စက်မှု)ပါ။ နိုင်ငံတော်သမ္မတက ၂၀၁၁ မေလ ၁၇ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တကြိမ် ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဒုတိယအကြိမ်နဲ့ အခု ၂၀၁၂ ဇန်နဝါရီလ ၂ရက် တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG