သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကော့မှူးမြို့နယ်က ဝင်ပြိုင်မည်


ဒေါ်စု ကော့မှူးမြို့နယ်က ဝင်ပြိုင်မည်
ဒေါ်စု ကော့မှူးမြို့နယ်က ဝင်ပြိုင်မည်

လစ်လပ်နေတဲ့ လွှတ်တော်နေရာတွေအတွက် ဧပြီလကျရင် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီက ဝင်ပြိုင်ဖို့ ပါတီမှတ်ပုံတင်ခွင့် ရရှိပြီးတဲ့နောက်မှာ NLD အမျိုးသားဒီမိုကရေစီ အဖွဲချုပ်ဟာ ပါတီကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါတယ်။ သဘာပတိအဖဲ့ွနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့တွေရဲ့ အမည်စာရင်းကို NLD ပါတီက ဒီကနေ့ ထုတ်ပြန်လိုက်တာပြီး ကြားဖြတ် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ အဖွ့ဲဝင်သစ်တွေ စည်းရုံးရေးတွေကိုလည်း နိုင်ငံတဝန်းမှာ လုပ်ဆောင်နေပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ကော့မှူးမြို့နယ်က ဝင်ယှဉ်ပြိုင်မယ်လို့ NLD ပါတီက ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အသစ်ပြန်လည် ဖွဲ့စည်းရာမှာ သဘာပတိအဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအဖြစ် ဦးဆောင်အဖွဲ့ ၂ ဖွဲ့ရှိမှာဖြစ်ပြီး အဖွဲ့ဝင်တွေရဲ့အမည်စာရင်းကို ဒီကနေ့ ဇန်နဝါရီ ၁၀ ရက်၊ အင်္ဂါနေ့မှာ NLD ပါတီက တရားဝင်ကြေညာချက်ထုန်ပြန်ခဲ့ပါတယ်။

သဘာပတိအဖွဲ့ဝင် ၅ ဦးနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၇ ဦးတို့ကို ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းတွေနဲ့အညီ ရွေးချယ်ခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ပြောခွင့်ရသူလည်းဖြစ်တဲ့ ဦးအုန်းကြိုင်ကပြောပါတယ်။

“သဘာပတိအဖွဲ့မှာက-

၁။ ဦးတင်ဦး (နာယက)၊

၂။ ဦးဝင်းတင်၊

၃။ ဦးသန်းထွန်း၊

၄။ ဦးလှဖေ၊

၅။ ဦးညွန့်ဝေ။

နောက် - ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာက-

၁။ ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)၊

၂။ ဦးဉာဏ်ဝင်း၊

၃။ ဦးဝင်းမြင့်၊

၄။ ဦးအုန်းကြိုင်၊

၅။ ဦးဟန်သာမြင့်၊

၆။ ဦးထွန်းထွန်းဟိန်၊

၇။ ဒေါက်တာမေဝင်းမြင့်- အဲလို ဖော်ပြထားပါတယ်။ နောင်တွင် သဘာပတိ အဖွဲ့နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို သင့်လျော်သလို ပြင်ဆင်ဖြည့်စွက်မည် ဖြစ်ပါသည်။ အဲဒီလိုလည်း ဖော်ပြထားပါတယ်။”

နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ခွင့်ရထားပြီဖြစ်တဲ့ NLD ဟာ အခုလို ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းလိုက်သလို တချိန်တည်းမှာပဲ ဧပြီလ ၁ ရက်နေ့ကျရင် ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း အောင်နိုင်ရေး ကော်မတီတွေနဲ့ နိုင်ငံတဝန်းမှာ စတင်လှုပ်ရှားနေပြီ ဖြစ်ပါတယ်။ နို်င်ငံတဝန်း လစ်လပ်နေရာ ၄၈ နေရာစလုံးကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်သလို ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်း စာရင်းကို ၁၁ ရက်နေ့မှာ နောက်ဆုံး တင်ကြရမှာဖြစ်ပြီး ဇန်နဝါရီ ၁၆ မတိုင်ခင် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို ကြေညာမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ရန်ကုန်တိုင်းအတွင်း လစ်လပ်နေတဲ့နေရာတွေထဲက ကော့မှူးမြို့နယ်ကနေ ယှဉ်ပြိုင်မယ်လို့လည်း ပြောပါတယ်။

“တခြားပြောင်းလဲစဉ်းစားထားတာ မရှိပါဘူး။ ကော့မှူးမြို့နယ်၊ ရန်ကုန်တိုင်းအတွင်းမှာပဲ ဝင်မယ်လို့ ပြောပါတယ်။ ရန်ကုန်တိုင်းမှာဝင်ရင်လည်းပဲ ပြည်သူလူထု၊ လူမှုအဆင့်အတန်းနည်းနည်း ဆင်းရဲတော့ပေါ့ဗျာ- အားပေးထောက်ကူရာ လည်းရောက်အောင် ဝင်မယ်လို့ စဉ်းစားပြီးတော့ သူ ကော့မှူးမြို့နယ်ကို ရွေးချယ်ထားပါတယ်။ အခုထက်ထိ တခြားပြင်ဆင်တာမျိုး ကျနော်တို့ မကြားပါဘူးခင်ဗျ။ သွားပြီးတင်မှာကတော့ ၁၆ ပေါ့ဗျာ။ ဒါပေမယ့် ဒီကာလအတွင်းမှာလည်းပဲ ဆုံးဖြတ်ပြီးတာနဲ့ ထုတ်ပြီးတော့ ပြောမှာပါ။”

ဒါ့အပြင်ရန်ကုန် NLD ရုံးချုပ်နဲ့ တိုင်းနဲ့ပြည်နယ်တွေက NLD ရုံးတွေမှာ အဖွဲ့ဝင်သစ်တွေကိုလည်း စတင်လက်ခံနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ပတ်သက်လို့လည်း လစ်လပ်တဲ့တိုင်း သို့မဟုတ် ပြည်နယ်တွေမှာ ၂၀၁၀ ဇွန်လ ၁၄ ရက်နေ့စွဲနဲ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ထားတဲ့ စည်းကမ်းနဲ့အညီ NLD ပါတီက စည်းရုံးမှုတွေလုပ်ဖို့ကိုလည်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

အဲဒီစည်းကမ်းချက်တွေထဲမှာ အစိုးရပိုင်အဆောက်အအုံတွေ၊ သာသနာပိုင် အဆောက်အအုံတွေထဲမှာ ပါတီစည်းရုံးရေး ဆိုင်ရာ မလုပ်ဖို့တွေ ပါဝင်ပါတယ်။ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ဒီဇင်ဘာ ၁၂ ရက်နေမှာ နိုင်ငံရေးပါတီအဖြစ် ထူထောင်ခွင့် ကျခဲ့ပြီးနောက် ဇန်နဝါရီလ ၅ ရက်နေ့က တရားဝင်နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကျခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG