သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှုုပြဿနာ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ


လူကုန်ကူးမှုုပြဿနာ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ
လူကုန်ကူးမှုုပြဿနာ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ

မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားပေးပြဿနာတွေ၊ လူကုန်ကူးမှု ပြဿနာတွေ ရှိနေဆဲပဲလို့ မြန်မာနိုင်ငံ အခြေအနေကိုလာကြည့်တဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca က ပြောလိုက်ပါတယ်။ အစိုးရအနေနဲ့ ဒီပြဿနာတွေ ရှိနေတယ်ဆိုတာကို အသိအမှတ်ပြုပြီး ကိုင်တွယ် ဖြေရှင်းဖို့အတွက်ကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ Mr. Cde Baca က ရန်ကုန်မှာ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တနင်္လာနေ့ ဇန်နဝါရီလ ၉ ရက်နေ့ကတည်းက ရောက်နေတဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်သံအမတ်ကြီး Luis CdeBaca က အမေရိကန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံတိုင်းမှာ လူကုန်ကူးမှု ပြဿနာတွေ ရှိနေပြီးတော့ မြန်မာနိုင်ငံမှာတော့ အဓမ္မလုပ်အားပေးခိုင်းစေမှုတွေပါ ရှိနေဆဲဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတာဝန်ရှိသူတွေ၊ ခေါင်းပုံဖြတ်အလုပ်ရှင်တွေရဲ့ အဓမ္မလုပ်အားပေး ခိုင်းစေမှု ပြဿနာတွေ ရှိနေဆဲဖြစ်သလို လိင်ဖျော်ဖြေရေးအတွက် လူမှောင်ခိုကူးမှုတွေ၊ ကလေးစစ်သား စုဆောင်းတဲ့ ပြဿနာတွေ၊ စစ်တပ်အာဏာပိုင်တွေ၊ ရပ်ကွက်ကျေးရွာ အာဏာပိုင်တွေက ရွာသားတွေကို အဓမ္မ အလုပ်ကြမ်းခိုင်းတဲ့ ပြဿနာတွေ ရှိနေဆဲဖြစ်ပါတယ်လို့ - ပြောသွားတာ ဖြစ်ပါတယ်။

ဒီပြဿနာတွေကို ပြီးခဲ့တဲ့ ၂ ရက် နေပြည်တော်နဲ့ ရန်ကုန်မြို့တွေမှာ အစိုးရတာဝန် ရှိသူတွေ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ သက်ဆိုင်သူတွေနဲ့ ပွင်းပွင်းလင်းလင်း ဆွေးနွေးဖြစ်ခဲ့ပါတယ်- လို့ ပြောပါတယ်။

မြန်မာနိုင်ငံက လူကုန်ကူးမှု ပြဿနာမှတ်တမ်းတွေအရ ဒီပြဿနာဖြေရှင်းရေးမှာ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ဆွေးနွေးမှုတွေမှာ ဘာတွေ့ခဲ့ရလဲဆိုတော့ ပြဿနာရှိနေတယ်ဆိုတာကို အသိအမှတ်ပြု လက်ခံတယ်။ နောက် ပြဿနာ ဖြေရှင်းရေးအတွက် ပွင့်ပွင့်လင်းလင်းရှိတယ် ဆိုတာကို တွေ့ခဲ့ရတယ် - လို့ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။ မြန်မာနိုင်ငံမှာရှိနေဆဲဖြစ်တဲ့ အဓ္ဓမလုပ်အားပေး ခိုင်းစေမှုတွေ တိုက်ဖျက်ရေးအတွက် အဓိက ဖြစ်နေတဲ့ အဟန့်အတားနဲ့ ပတ်သက်လို့လည်း

အခြေအနေတိုးတက်လာဖို့ အဓိက အတားအဆီးဖြစ်နေတဲ့ ကိစ္စတခုက သိပ်ကိုခေတ်နောက်ကျနေတဲ့ တရားရေးစနစ်ကြောင့်လို့ မြင်ရပါတယ်။ အထူးသဖြင့် မြို့တွေ ကျေးရွာတွေမှာ သုံးနေတဲ့ အုပ်ချုပ်ရေး ပုံစံအရ အရပ်ဘက်အာဏာပိုင်တွေက အလုပ်ခိုင်းစေခွင့်တွေ ရှိနေပါတယ်။ ဒီခေတ်နောက်ပြန်ဆွဲတဲ့ စနစ်ကြောင့် စစ်တပ်ကရော ရပ်ကွက်ကျေးရွာ အာဏာပိုင်တွေကပါ ရွာသားတွေကို အလုပ်ကြမ်း ခိုင်းတာက တရားဝင်လို ဖြစ်နေပါတယ် - လို့ သူ့ရဲ့ လေ့လာတွေ့ရှိချက်ကိုလည်း လူကုန်ကူးမှုဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောခဲ့ပါတယ်။

အမေရိကန်အစိုးရရဲ့ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု ပြဿနာ တိုက်ဖျက်ရေးကို အစိုးရတွေကိုယ်တိုင်က အားထုတ်မှုမရှိတဲ့ အဆိုးဆုံးအဆင့်မှာ ပါဝင်နေပါတယ်။ ဒီအဆင့်ကနေ လွတ်မြောက်နိုင်ဖို့ အတွက်ကတော့ လုပ်သင့်တယ်လို့ အကြံပြုထားတဲ့အချက်တွေကို မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

အဲဒါတွေကတော့ အဓမ္မအလုပ်ကြမ်းခိုင်းနေတာတွေကို အရပ်ဘက်အာဏာပိုင်တွေရော စစ်ဘက် အာဏာပိုင်တွေကပါ ရပ်တန်းက ရပ်ဖို့၊ ကလေးစစ်သားစုဆောင်းမှုတွေကို အစိုးရတပ်တွေရော လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေပါရပ်ဖို့ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတဲ့သူတွေကို ထိထိရောက်ရောက် အရေးယူဖို့နဲ့ အစိုးရအနေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို သိသိသာသာ အားထုတ်ဆောင်ရွက်ဖို့ စတဲ့ အကြံပြုချက်တွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း အစိုးရက အားတက်စရာ ဆောင်ရွက်မှုတချို့ လုပ်ခဲ့တာကလည်း နောက် ထုတ်ပြန်မယ့် အစီရင်ခံစာအတွက် ထည့်သွင်းစဉ်းစားစရာဖြစ်ပါတယ်လို့ ပြောသွားပါတယ်။

လူကုန်ကူးခံရလို့ မြန်မာနိုင်ငံ ပြန်ပို့ခံရတဲ့သူတွေကို သူတို့ ဆန္ဒမပါလည်း လူမှုဖူလုံရေးဌာနရဲ့ စောင့်ရှောက်ရေးစခန်းတွေမှာ အနည်းဆုံး ၂ ပတ် ယာယီခေါ်ထားတာကို အစိုးရက ပယ်ဖျက် ပေးခဲ့ပါတယ်တဲ့။ အပြောအရ ဒီစောင့်ရှောက်ရေးစခန်းတွေဟာ အကျဉ်းထောင်လိုပဲလို့ လူကုန်ကူး ခံကြရသူတွေက ပြောကြတာမို့ ဒီလိုဆောင်ရွက်ချက်အပေါ်မှာ ကြိုဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လူကုန်ကူးမှု ပြဿနာတိုက်ဖျက်ရေးအဆင့် သတ်မှတ်တဲ့အခါ ဒီဆောင်ရွက်ချက်ကို ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်- လို့ ပြောတာဖြစ်ပါတယ်။

အခု လူကုန်ကူးမှုဆိုင်ရာ အမေရိကန် သံအမတ်ကြီး Luis Cde Baca ကသူ့ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံက အခြေအနေကို လာရောက် ကြည့်ရှုတာအပြင် လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် မြန်မာအစိုးရနဲ့ ဘယ်လို လက်တွဲလုပ်နိုင်မယ့် အခွင့်အလမ်းတွေ ရှိသလဲဆိုတာကို လာကြည့်တာဖြစ်တယ်လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားပါတယ်ရှင်။

XS
SM
MD
LG