သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဒဏ်ခတ်မှုရုပ်သိမ်းရေး ဒေါ်စုအမြင် အရေးပါ


အမေရိကန်ဒဏ်ခတ်မှုရုပ်သိမ်းရေး ဒေါ်စုအမြင် အရေးပါ
အမေရိကန်ဒဏ်ခတ်မှုရုပ်သိမ်းရေး ဒေါ်စုအမြင် အရေးပါ

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုတွေရုပ်သိမ်းဖို့ ဆုံးဖြတ်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်အယူအဆကို အဓိကအလေးပေး စဉ်းစားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ၊ နေပြည်တော်ကိုရောက်နေတဲ့ အမေရိကန်အထက်လွှွတ်တော်အမတ် မစ် မက်ကောနယ်က ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ သူမြင်တွေ့ရတဲ့ အပြောင်းအလဲတွေဟာ စစ်မှန်မှုရှိတယ်လို့လည်း မစ္စတာမက်ကောနယ်က ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက ပြောပါလိမ့်မယ်။

အမေရိကန်အထက်လွှတ်တော်ရဲ့ ရီပတ်ဘလီကင်ခေါင်းဆောင် အထက်လွှတ်တော်အမတ် Mitch Mcconnell ရဲ့ ဒီနေ့ နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာတော့ သတင်းထောက်တွေက အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုရုပ်သိမ်း မသိမ်း အခြေအနေတွေကို အဓိကထား မေးမြန်းကြပါတယ်။ အခုလို ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ကိစ္စမှာ သူအပါအဝင် အမေရိကန်အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို အဓိကထား စဉ်းစားမှာ ဖြစ်တယ်လို့ မစ္စတာ မက်ကောနယ်က ပြောသွားပါတယ်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်အပေါ် အရေးယူဒဏ်ခတ်မှုရုပ်သိမ်းဖို့ ဆုံးဖြတ်တဲ့ နေရာမှာ အခုလက်ရှိ ပြုပြင်ပြောင်းလဲမှုတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ထင်မြင်ယူဆသလဲဆိုတာက အတော်လေး သြဇာလွှမ်းမိုးမှုရှိပါလိမ့်မယ်”

လက်ရှိ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကို ကြည့်ရင် စစ်မှန်တဲ့ဆောင်ရွက်မှုတွေလို့ မြင်တဲ့အကြောင်း အမေရိကန်အထက်လွှတ်တော်အမတ် မစ် မက်ကောနယ်က ပြောပါတယ်။ ဒီထက်လည်း ပိုပြီးအရှိန်အဟုန် ကောင်းကောင်းနဲ့ ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်။ အခုလက်ရှိ ကချင် ကရင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေကို ထောက်ပြပြီး ဒဏ်ခတ်မှု ပြန်လည်ရုပ်သိမ်းရေး ဆုံးဖြတ်ရာမှာ ဒီတိုင်းရင်းသားတွေနဲ့ ဆက်ဆံရေးပိုင်းကိုလည်း ထည့်သွင်း စဉ်းစားမှာဖြစ်တယ်လို့ မစ္စတာ မက်ကောနယ်က ပြောပါတယ်။

“တိုင်းရင်းသားအင်အားစုအားလုံးနဲ့ ဆက်ဆံရေးပိုင်းမှာ နောက်ထပ်တိုးတက်ဖြစ်ထွန်းမှုတွေကို ကျနော်တို့ စောင့်ကြည့်အကဲခတ်သွားပါမယ်။ ဒါဟာ အရေးယူဒဏ်ခတ်မှုရုပ်သိမ်းဖို့ စဉ်းစားချက်ထဲမှာ ထည့်သွင်းစဉ်းစားမှာဖြစ်ပါတယ်”

မစ္စတာမက်ကောနယ်ဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ နေပြည်တော်မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံခဲ့တာပါ။ အစိုးရသစ်ရဲ့ လက်ရှိ အပြောင်းအလဲတွေ ဖော်ဆောင်တဲ့နေရာမှာ လူအပြောင်းအလဲထက် မူဝါဒ အပြောင်းအလဲဟာ အရေးကြီးတယ်လို့ မစ္စတာမက်ကောနယ်က မြင်ပါတယ်။

“တကယ်အရေးကြီးတာက လူပုဂ္ဂိုလ်ကိစ္စမဟုတ်ပါဘူး၊ မူဝါဒ ဘယ်လို ချမှတ်ကျင့်သုံးတယ်ဆိုတာပါ။ ဒီလူတွေနဲ့ မတူတော့တဲ့ မူဝါဒတွေကို ပြောင်းလဲကျင့်သုံးနိုင်ပါတယ်။ အခု အစိုးရသစ်ထဲမှာ ဒီလူဟောင်းတွေပဲ ပြန်ပါလာတာဖြစ်ဖြစ်၊ အစိုးရဟောင်းပဲဖြစ်ဖြစ် အဓိကအချက်ကတော့ မူဝါဒ ပြောင်းလဲဖို့ပါပဲ”

သူ့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်ရှိတဲ့ အခါမှာ အခြား အမေရိကန်လွှတ်တော် အမတ်တွေကို မြန်မာနိုင်ငံရဲ့ လက်ရှိ ပွင့်လင်းမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုအခြေအနေတွေကို ဆွေးနွေး ပြောဆိုသွားမယ်လို့လည်း ဆိုပါတယ်။

မစ္စတာမက်ကောနယ်ဟာ မနေ့တုန်းက မြန်မာ့ဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မှာ တွေ့ဆုံခဲ့ပါတယ်။ မြန်မာနိုင်ငံအပြောင်းအလဲဟာ လမ်းမှန်ပေါ် ဦးတည်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြောခဲ့ပါတယ်။ ဒါပေမယ့် ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးဟာ မြန်မာအစိုးရဖက်က လုပ်ရပ် တချက်ချင်းအပေါ်မှာ တည်လိမ့်မယ်လို့လည်း ပြောခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် Mitch Mcconnell ဟာ အမေရိကန်အထက်လွှတ်တော်မှာ ရီပတ်ဘလီကဲန်ပါတီရဲ့ ခေါင်းဆောင်တဦးဖြစ်သလို မြန်မာဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ အမြဲတမ်းဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်တဦးလည် းဖြစ်ပါတယ်။

၂ဝဝ၃ ခုနှစ်ကတည်းကလည်း နှစ်စဉ်လိုလို မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုတွေကို သက်တမ်းတိုးဖို့ ဦးဆောင် ထောက်ခံ တင်ပြခဲ့သူဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူဒဏ်ခတ်မှုတွေကို ရုပ်သိမ်းဖို့ဆို လွှတ်တော်နှစ်ရပ်ကနေ ပြန်လည်ဆုံးဖြတ်ရမှာဖြစ်တာမို့ အခု အထက်လွှတ်တော်အမတ် Mitch Mcconnell ရဲ့ သဘောထားဟာ မြန်မာအပေါ် အမေရိကန်ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ အရေးပါမှုရှိတယ်လို့ ပြောရမှာပါ။ မစ္စတာမက်ကောနယ်ဟာ အခု ဗုဒ္ဒဟူးနေ့မှာတော့ မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။

XS
SM
MD
LG