သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ KIA ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ


အစိုးရနဲ့ KIA ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ
အစိုးရနဲ့ KIA ငြိမ်းချမ်းရေး ဆက်ဆွေးနွေးဖို့ သဘောတူ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ အကြား လောလောဆယ် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုမရဘဲနဲ့ ဆွေးနွေးပွဲဟာ ဒီကနေ့ ပြီးသွားပြီဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ နှစ်ဘက်ကိုယ်စားလှယ်တွေဟာ နိုင်ငံရေးနည်းလမ်းအရ ဆက်လက်ဆွေးနွေးသွားဖို့၊ စစ်ရေးအရှိန်ထိန်းသိမ်းဖို့နဲ့ ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက် ပြဿနာဖြစ်နိုင်တဲ့ ဒေသတွေမှာ နှစ်ဘက်တပ်တွေနေရာချထားတာကို ပြန်လည်ညှိနှိုင်းဖို့ သဘောတူခဲ့ကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြမှာဖြစ်ပါတယ်။

ဟုတ်ကဲ့။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ မြန်မာအစိုးရရဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့တို့ဟာ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စတင်ဆွေးနွေးပြီး ဒီကနေ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

နှစ်ရက်ကြာဆွေးနွေးအပြီးမှာ အဓိက ရရှိတဲ့သဘောတူညီချက်တွေကိုတော့ ဆွေးနွေးပွဲကို ကိုယ်တိုင်ပါဝင် တက်ရောက်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှူးကြီးဇော်ရော်က အခုလို ပြောပါတယ်။

“အဓိကသဘောတူညီချက်ကတော့ ထိုးစစ်လိုဖြစ်နေတဲ့ နေရာရယ်၊ နောက်ပြန်ဆွေးနွေးမယ့်ဟာရယ်ပေါ့နော်၊ ဒီလို ကတိကဝတ်ကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ ကျနော်တို့ တောင်းဆိုထားပါတယ်။ အထူးသဖြင့် အဓိကအချက်ဖြစ်တဲ့ ပြဿနာဖြစ်နိုင်တဲ့ တပ်နေရာချထားရေးအပိုင်းမှာ စစ်ရေးအခြေခံအားဖြင့် ထိန်းသိမ်းနိုင်ရန်အတွက်၊ ၂ ဘက် တပ်ကိစ္စက ဆက်လက် ညှိနှိုင်းမယ်ဆိုပြီး-ဒါလေးပဲ။ နောက်တကြိမ်မှ စစ်ဆေးပေးမယ်ဆိုတာကို၊ အဓိကက ဒီ ၂ ချက်ပါတယ်”

ဒီကနေ့ ဆွေးနွေးပွဲကတော့ မနက် ၉ နာရီ ၁၅ မိနစ်လောက်ကစတင်ပြီး နေ့ခင်း ၁ နာရီကျော်လောက်မှာ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဆွေးနွေးပွဲအတွင်းမှာ နိုင်ငံတော်သမ္မတက ကချင်ပြည်နယ်အတွင်း ထိုးစစ်တွေ ရပ်ဆိုင်းဖို့ ညွှန်ကြားထားတာနဲ့ ပတ်သက်ပြီး KIOဘက်က မေးမြန်းရာမှာ အစိုးရကိုယ်စားလှယ်ဘက်က ပြန်လည်ဖြေကြားတာကို ဗိုလ်မှူးကြီး ဇော်ရော်က အခုလို ပြောပြတယ်။

“အဲဒါကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို သူတို့ ပြောတယ်။ သမ္မတကလည်း ပြောတယ်လို့ ပြောတယ်ဗျ၊ ဒါပေမယ့်လို့ ဒီကိစ္စမှာထိုးစစ်လို ဖြစ်နေတဲ့နေရာမှာ ရှေ့တန်းရောက် ရဲဘောတွေကနေပြီးတော့မှ ကြန့်ကြာပြီးမှ ညွှန်ကြားချက်တွေ ရောက်တာလိုမျိုးတော့ ဖြစ်တတ်တာပါပဲ။ ဒါပေမယ့်လို့ ဒါကတော့ တပ်မတော်ကနေ- စစ်တပ်ကနေပြီးတော့မှ ချက်ခြင်းလက်ငင်းကို စစ်ပွဲရပ်စဲဖို့အတွက် သူတို့ဘက်က သဘောထားက သမ္မတရဲ့သဘောထားကို နားမလည်တဲ့သဘောလား- အဲဒါတော့ စဉ်းစားရခက်တယ်ဗျ”

KIO ဘက်ကတော့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းရေးကို အဓိကထားပြီး အတိုင်းအတာတခုထိ နိုင်ငံရေးအရ သဘောတူညီချက်တွေ ရတဲ့အခါမှ အပစ်အခတ်ရပ်စဲဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ပြောပါတယ်။

လက်ရှိ ပြီးဆုံးသွားတဲ့ဆွေးနွေးပွဲအပေါ် အမြင်ကိုတော့ ဗိုလ်မှူးကြီးဇော်ရော်က အခုလို ဆက်ပြောပါတယ်။

“အပြုသဘောဆောင်တယ်လို့ ပြောလို့ရပါတယ်။ သူတို့ဘက်ကလည်း ဒါကို ဖြစ်မြောက်စေချင်တဲ့ဆန္ဒ ရှိတယ်လို့ ယုံကြည်ပါတယ်။ ဒီတခေါက်ဆွေးနွေးပွဲကတော့ အရင်ကလို မဟုတ်ဘဲ ဝန်ကြီးတွေ တော်တော်များများ တက်ရောက်ပါဝင်ဆွေးနွေးလာမှု ရှိပါတယ်”

ဒီဆွေးနွေးပွဲမှာ KIO ဘက်ကကိုယ်စားလှယ်အဖွဲ့ကို အမြဲတမ်းဗဟိုကော်မတီဝင်နဲ့ ပညာရေးတာဝန်ခံ ဦးဆွန်လွတ်ဂမ်က ဦးဆောင်ဆွေးနွေးခဲ့ပြီး မြန်မာအစိုးရကိုယ်စားလှယ်ဘက်ကတော့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း ဦးဆောင် ဆွေးနွေးတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၊ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်၊ နယ်စပ်ရေးရာ ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းနဲ့ ကချင်ပြည်နယ်ဝန်ကြီးချုပ် လဇွန်ငန်ဆိုင်း၊ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် တို့လည်း ပါဝင်တက်ရောက်ကြပါတယ်။

အခုလို ဆွေးနွေးနေချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံဒေသဘက်မှာ တိုက်ခိုက်တာတွေဟာ ဆက်လက် ဖြစ်ပွားနေတယ်လု့ိ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။

“ဒီနေ့ ၂ ကြိမ်ဖြစ်သွားတယ် ခင်ဗျ။ ၁၁ နာရီခွဲလောက်မှာတကြိမ်၊ မွန်းလွဲ ၁ နာရီခွဲလောက်မှာ တကြိမ် ဖြစ်တယ်။ သူတို့ရဲ့တပ်ရင်း ၈ ရှိတဲ့ရှေ့တန်းအရေးပေါ်တွေ နေတဲ့နေရာကို အလစ်ဝင်ပြီး တိုက်ခိုက်တာတွေ လုပ်တယ်။ ၁၁ နာရီခွဲမှာ။ နောက်ပြီး ၁ နာရီခွဲမှာလည်း အဲလို ဆင်တူပေါ့ဗျာ- ဖြစ်သွားတယ်ခင်ဗျ။ အခုဆို တပ်တွေကလည်း အများကြီးလှုပ်ရှားမှု ရှိနေသေးတယ်ခင်ဗျ။ သူတို့ရဲ့ တပ်တွေကလည်း ဗန်းမော်လမ်းကြောင်း နေရာနဲ့ဘုန်းယံဘက်ကို တပ်တွေ တော်တော်ဖြည့်တာ လုပ်နေတယ်။ နောက်ပြီး ဖားကန့်ဘက်မှာလည်း သံချပ်ကာကားတွေနဲ့ ယာဉ်တန်းပုံစံနဲ့တက်တာမျိုး လုပ်နေကြတယ်”

ဆွေးနွေးပွဲစတင်ချိန်မှာတော့ မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ဆွေးနွေးနေချိန်မှာ အစိုးရတပ်ဘက်က မတိုက်ခိုက်ဖို့နဲ့ တပ်အင်အား မတိုးချဲ့ဖို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့ ပြောဆိုအာမခံ ထားချိန်မှာ ဒီလို တိုက်ခိုက်တာဖြစ်ကြောင်း ဦးလနန်က ဆက်ပြောပါတယ်။

KIO နဲ့ မြန်မာအစိုးရဟာ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တဲ့နောက် နှစ်ဘက် ကိုယ်စားလှယ်တွေ အကြားမှာ အခု အကြိမ်နဲ့ပါဆို ၆ ကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ အခုနောက်ဆုံးအကြိမ် တွေ့ဆုံရာမှာလည်း အပစ်အခတ်ရပ်စဲဖို့အထိတော့ သဘောတူညီချက် မရကြသေးပါဘူး။

လောလောဆယ်မှာတော့ မြန်မာအစိုးရဘက်က ကရင်၊ ချင်း၊ ရှမ်း၊ ဝနဲ့ မိုင်းလား စတဲ့တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲဖို့ သဘောတူညီချက်ရရှိထားပြီဖြစ်ပါတယ်။

XS
SM
MD
LG