သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အကြီးအကျယ် ပြောင်းလဲမယ့် အလားအလာ


မြန်မာနိုင်ငံ အကြီးအကျယ် ပြောင်းလဲမယ့် အလားအလာ
မြန်မာနိုင်ငံ အကြီးအကျယ် ပြောင်းလဲမယ့် အလားအလာ

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ခြေကို မြင်နေရပြီလို့ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗို့စ်မှာ ကျင်းပနေတဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေဖို့အတွက် တရားရေးနဲ့ ဥပဒေပြဌာန်းမှုတွေမှာ ပြုပြင်ဖို့ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ဗုဒ္ဓဟူးနေ့ကစပြီး ၅ ရက်ကြာ ကျင်းပတဲ့ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေရဲ့ ၂၀၁၂ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗွီဒီယိုသဝဏ်လွှာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကို အခုလို ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှု ဖြစ်လာနိုင်ခြေကို မြင်နေရပါပြီ။ အခုအချိန်ဟာ အရေးကြီးတဲ့ အဆင့်ကို ရောက်နေတာပါ။ မြန်မာနိုင်ငံအတွင်း ရွေးကောက် တင်မြှောက်မှုတွေနဲ့ တရားရေး လုပ်ငန်းစဉ်တွေအတွက် သင့်လျော်တဲ့ အင်အားစုတွေ ပါဝင်လာနိုင်တဲ့ စစ်မှန်တဲ့ အပြောင်းအလဲ တရပ် ဖြစ်လာဖို့ တဖြည်းဖြည်း နီးလာတဲ့အဆင့်မှာ အခု ကျမတို့ပါတီရဲ့ ဖွဲ့စည်းပုံကို ပြန်ပြင်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဒီကနေတဆင့် ကျမတို့ ကြိုးစားနေတဲ့ ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ အထူး အချက် တချက်ဖြစ်တဲ့ တိုင်းရင်းသားတွေနဲ့ တိုက်ပွဲဖြစ်နေတာတွေကို ဖြေရှင်းဖို့ လိုနေတာနဲ့ အမျိုးသားလွှတ်တော်မှာ ဒီမိုကရေစီ စနစ် ထွန်းကားရေးအထိ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီအနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ် ကောင်းမွန်ရေးအတွက် အခု ကြိုးစားနေတာဟာ တချိန်မှာ ကမ္ဘာ့ဝန်းကျင်အတွက်ပါ ဖြစ်လာစေမယ်လို့လည်း အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီနှစ် အစည်းအဝေးရဲ့ဆောင်ပုဒ်က ကြီးမားတဲ့ အပြောင်းအလဲကို ဖြစ်စေဖို့ ပုံစံသစ်တွေ ပုံသွင်းဖို့ပါ။ ဒီဆောင်ပုဒ်ကို ပုံဖော်နေတဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အရေးကြီးနေတဲ့ အချိန်မှာ ဒီနှီးနှောဖလှယ်ပွဲကို မတက်ရောက်နိုင်ဘူးလို့ ပြောခဲ့သလို မြန်မာနိုင်ငံမှာ တကယ့်ပြောင်းလဲချိန်ကို မရောက်သေးပေမယ့် မြန်မာစက်မှုဝန်ကြီး ဦးစိုးသိမ်း ဒီနှစ် အစည်းအဝေးကို ထူးထူးခြားခြား တက်ရောက်လာတာဟာ မြန်မာနိုင်ငံက အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေ ဖြစ်နေတဲ့ လက္ခဏာကို ပြနေပါတယ်လို့ ဆိုပါတယ်။

ဒီအပြောင်းအလဲတွေထဲမှာ စီးပွားရေးတိုးတက် ပြောင်းလဲလာစေဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်ကို ကြည့်ရအောင်ပါ။

“စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အခု နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းတွေကနေ ပေးအပ်နေတဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာမှာတင်ပဲ မူတည်နေတာ မဟုတ်ပါဘူး။ နိုင်ငံမှာ စနစ်ကျတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို တရားမျှတစွာနဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်မယ့် တရားရေးဆိုင်ရာနဲ့ ဥပဒေပြဌာန်းမှုတွေကိုပါ ပြုပြင်ပြောင်းလဲပစ်ဖို့ လိုအပ်နေတာပါ”

တရားဥပဒေ စိုးမိုးရေးအပြင် မြန်မာနိုင်ငံမှာ လူ့ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ရလာစေမယ့် နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေးဝန်းကျင်ကောင်း တရပ်ကိုပါ ဖန်တီးနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အနာဂတ် ကမ္ဘာမှာ လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ရေနဲ့ စွမ်းအင်ဆိုင်ရာတွေနဲ့ ဆက်နွယ်နေတဲ့ လူမှုဝန်းကျင်ကောင်းတရပ်အတွက် ရေရှည်စံပြ စီးပွားရေစနစ်တခုကို စံနမူနာအဖြစ် မြန်မာနိုင်ငံကနေ ယူနိုင်တာမျိုးအထိပါ ဖြစ်လာစေချင်ပါတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG