သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေညဝါဆရာတော် တရားပြန်ဟောခွင့်မရသေး


ရွှေညဝါဆရာတော် တရားပြန်ဟောခွင့်မရသေး
ရွှေညဝါဆရာတော် တရားပြန်ဟောခွင့်မရသေး

ဘာသာရေးတရားဟောခွင့် ၁ နှစ် ပိတ်ပင်ခံထားရတာ လာမယ့် သောကြာနေ့မှာ ပြည့်မှာဖြစ်ပေမဲ့ - တရားဟောခွင့်ကတော့ မရရှိသေးဘူးလို့ ရွှေညဝါဆရာတော် ဦးပညာသီဟ က မိန့်ကြားပါတယ်။ ဒါကြောင့် ဟောကြားဖို့ရာ လက်ခံထားခဲ့တဲ့ တချို့တရားပွဲတွေကို ဖျက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေ အသေးစိတ်ကိုတော့ ရွှေညဝါဆရာတော်ကို ဆက်သွယ်မေးမြန်းထားတဲ့ မနန္ဒာချမ်း က တင်ပြပေးထားပါတယ်။

ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် သာဓု ပရိယတ္တိ စာသင်တိုက်မှာ ရွှေညဝါဆရာတော် ဦးပညာသီဟကို တရားဟောကြားခွင့် နိုင်ငံတော် သံဃာ့မဟာနာယက-က ၁ နှစ်ပိတ်ပင်ထားခဲ့တာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ ပြည့်မှာဖြစ်ပေမယ့် သာသနာရေးဝန်ကြီးဌာနက ခွင့်မပြုတာကြောင့် လက်ခံထားတဲ့ တရားပွဲတွေကို ဖျက်ခဲ့ရတာဖြစ်တယ်လို့ ရွှေညဝါဆရာတော်က ဗွီအိုအေကို မိန့်ကြားပါတယ်။

“ဘုန်းကြီးက ၁၁ ရက် ၁၂ ရက်နေ့ဆိုရင် တရားပွဲတွေကို လက်ခံထားတယ်။ ပထမဆုံး ကြွရမယ့်နေရာက တာချီလိတ်။ ဒီတာချီလိတ်က သာသနာရေး ဦးစီးမှူးကနေ တရားပွဲက ပိတ်ထားတယ်ဆိုရင် ဖွင့်တဲ့စာလေးလည်း လိုပါတယ်ဘုရားတဲ့။

အဲ့လိုနဲ့ နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးရဲ့ ထောက်ခံချက် လက်မှတ်ကလေး ရရင်တော့ ပြည့်စုံပါပြီဘုရားဆိုတော့ တာချီလိတ်မြို့နယ် သာသနာရေးမှူးရဲ့ အဲ့ဒီလို လျှောက်ထားချက်အရ ဘုန်းကြီးက- ရိုးရိုးကလေးပါ၊ ဒီ ၁၁ ရက် ၂ လ ၂ဝ၁၂ ကစ၍ တရားပွဲများကို ဗမာတပြည်လုံး ပြန်လည်ဟောကြားလို့ ရပါပြီဆိုတဲ့အကြောင်းကို လက်မှတ်သွားထိုးခိုင်းတော့ ဆရာတော်ကြီးကလည်း ထိုးပေးပါတယ်။ သူ့ရဲ့ စည်းတံဆိပ်လည်း ရိုက်ပေးပါတယ်။ ဒါပေမဲ့ သာသနာရေး ဝန်ကြီးဌာနက အဲ့ဒီစာရွက်ဟာ အကျုံးမဝင်ဘူး၊ တရားမဝင်ဘူး ဆက်လက်ပြီးတော့ အစည်းအဝေးထိုင် ဆုံးဖြတ်ရဦးမှာဖြစ်တယ်၊ ဆက်လက်ဆောင်ရွက်မှု မပြုဖို့ဆိုပြီးတော့ အဲ့ဒါနဲ့ တာချီလိတ်ကို ဘုန်းကြီးကြွဖို့ အစီအစဉ်ကို ဘုန်းကြီး ဖျက်လိုက်တယ်လေ”

ရွှေညဝါဆရာတော် ဦးပညာသီဟဟာ ဖေဖော်ဝါရီ ၁၁ နဲ့ ၁၂ ရက်နေ့ကစလို့ ဧပြီလဆန်းအထိ တရားပွဲတွေကို လက်ခံထားတာပါ။ ဒါပေမဲ့လည်း ဆရာတော်ကို နောက်ထပ် တနှစ် တရားဟောခွင့် ပိတ်ပင်ခဲ့ကြောင်း တရားဝင်သဘောမဟုတ်ဘဲ အကြောင်းကြားတာတွေ ရှိနေတယ်လို့ ဆရာတော်က အခုလို ဆက်မိန့်ပါတယ်။

“ကျန်တဲ့တရားပွဲတွေလည်း ဘုန်းကြီးဆီကို ဖုန်းဆက် အကြောင်းပါတယ်။ သက်ဆိုင်ရာမြို့နယ်တွေကို ပါမစ်တင်တဲ့အခါမှာ ချမပေးပါဘူးလို့ ဘုန်းကြီးဆီကို အကြောင်းကြားပါတယ်။ ဘုန်းကြီးကို ပင့်ထားတဲ့ အခြားမြို့နယ်တွေ၊ တခြားမြို့ရွာတွေကလည်း အဲ့ဒီလို ဖုန်းနဲ့ အကြောင်းကြားပါတယ်။ ဘာကြောင့်လဲလို့ မေးတဲ့အခါကျတော့ ထောက်ကြံ့မြို့နယ်က ဘုန်းကြီးကိုပင့်ထားတာ ဒီ ၂ လပိုင်းထဲမှာပဲရှိတယ်လေ။ နေ့ခင်းပိုင်းကပဲ ဘုန်းကြီးကို အကြောင်းကြားပါတယ်။ ဆရာတော် ဒီကနေ့ တပည့်တော်တို့ ပါမစ်သွားတင်တဲ့အခါမှာ မြို့နယ်ကနေပြီးတော့ ရွှေညဝါဆရာတော် ပါမစ်တင်လို့မရဘူး။ နောက်ထပ် တနှစ်ပိတ်လိုက်တယ်လို့ အဲ့ဒီလို ပြောလွှတ်လိုက်ပါတယ်တဲ့။ အဲ့တော့ တပည့်တော်တို့လည်း ပါမစ်မတင်ဘဲနဲ့ ပြန်လာရပါတယ်လို့ ဖုန်းဆက်ပြီး လျှောက်လာပါတယ်။ ဟုတ်တာ မဟုတ်တာတော့ ဘုန်းကြီးအနေနဲ့ တရားဝင်စာ မရသေးတဲ့အတွက် တိတိကျကျ မသိရသေးပါဘူး။”

ရွှေညဝါဆရာတော် ဦးပညာသီဟရဲ့ ဟောကြားချက်တွေကို သက်ဆိုင်ရာ သံဃာအဖွဲ့အစည်းက သဘောမတူတဲ့အတွက် မြန်မာနိုင်ငံအနှံ့ တရားဟောကြားခွင့်တွေကို ၂ဝ၁၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်ကနေပြီး - ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့အထိ ပိတ်ပင်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့နှစ်က မန္တလေးတိုင်း၊ မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ သြဝါဒတရား ဟောကြားခဲ့တာနဲ့ ပတ်သက်ပြီး - တရားဟောခွင့် ပိတ်ပင်ထားတာကို မလိုက်နာဘဲ တရားဟောခဲ့တဲ့အတွက်ဆိုပြီး နိုင်ငံတော် သံဃာ့မဟာနာယက ကနေ - ဆရာတော် သီတင်းသုံးနေထိုင်တဲ့ သာဓု ပရိယတ္တိစာသင်တိုက်ကနေ - ဖယ်ရှားပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဒီလို ဆုံးဖြတ်ချက်ကို ဒီဇင်ဘာလ ၁၂ ရက်နေ့နေ့စွဲနဲ့ ရွှေညဝါဆရာတော်ဆီ ပေးပို့ခဲ့တာပါ။ ဒါကြောင့်လည်း ရွှေညဝါ ဆရာတော် ဦးပညာသီဟ ကနေ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထားပြီး ဖယ်ရှားပေးမယ့်အကြောင်း ခံဝန်ကတိလက်မှတ်ထိုးခဲ့ရပါတယ်။ ဒါ့အပြင် ဆရာတော်ဟာ အခုဖယ်ရှားပေးရ မယ့် သာဓု ပရိယတ္တိ စာသင်တိုက်ဟာ မြန်မာနိုင်ငံ တဝှမ်းလုံးမှာရှိတဲ့ သံဃာပေါင်း ၁ဝဝဝ ကျော်ကို နှစ်စဉ် အဘိဓမ္မာသင်တန်းတွေ ပို့ချပေးနေတာလည်း ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG