သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြုပြင်ပြောင်းလဲရေးတွေ ဆက်လုပ်ဖို့ ဥရောပ တိုက်တွန်း


မြန်မာ နိုင်ငံကိုရောက်နေတဲ့ ဂျာမန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံဖြိုးရေး ဆိုင်ရာ ဝန်ကြီး Dirk Niebe နဲ့ အီးယူဥရောပသမဂ္ဂရဲ့ ဖွံဖြိူးရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs တို့ဟာ ရန်ကုန်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ တွေ့ဆုံပြီး မြန်မာ့အရေးတွေဆွေးနွေးသလို ၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင် တချို့နဲ့လည်းေ တွ့ဆုံပြီး မြန်မာပြည်ဖွံဖြိူးမှုဆိုင်ရာတွေကို ဆွေးနွေးခဲ့ကြပါတယ်၊ ဒီတွေ့ဆုံမှု အခြေနေ အပြည့်အစုံကိုတော့ မသင်းသီရိက ပြောပြပေးမှာပါ၊

ဒီကနေ့ ဖေဖော်ဝါရီ (၁၄)ရက် အင်္ဂါနေ့ မနက် ၁၀ နာရီက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ EU ဖွံ့ဖြိုးရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး Andris Piebags နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပြီး မြန်မာပြည်ဖွံဖြိူးရေးဆိုင်ရာ အခြေအနေတွေ တခါ အီးယူက ချမှတ်ထားတဲ့ ပိတ်ဆို့မှုကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြပါတယ.်၊ အဲဒီနောက်ပိုင်း မနက် ၁၁ နာရီမှာတော့ ဂျာမန်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံဖြိူးမှု ဆိုင်ရာ ဝန်ကြီး Drik Niebe နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ထပ်ပြီး တွေ့ဆုံကြတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရုံးက တာဝန်ခံ ဦးထင်ကျော်က ပြောပါတယ်၊

“ EU နဲ့က ၁၀နာရီကနေ ၁၀နာရီ ၄၅ ထိတွေ့ပါတယ်။ ၁၁နာရီမှာက ဂျာမန် ဝန်ကြီး Mr. Niebe လာပါတယ်။ အခုလောလောဆယ်ကို မပြန်သေးဘူး။ ခု စကားပြောနေပါတယ်။ ဂျာမန် Prime Minister နဲ့ Minister of Foreign Affair ပါ။”

ဂျာမန် ဖွံ့ဖြိုးရေးဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးမှုအပြီး နေအိမ် ရှေ့ဝင်းမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ ဂျာမန်ဝန်ကြီးက ကြားဖြတ်ရွေးကောက်ပွဲတွေ တရားမျှတဖို့နဲ့ တည်ငြိမ်မှုရှိမယ့် မြန်မာ့နိုင်ငံရေးအပေါ် မူတည်ပြီး ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့မှုရုပ်သိမ်းရေးအခြေနေတွေနဲ့ ပတ်သက်လို့ ခုလိုပြောသွားပါတယ်။

“ဒီမိုကရေစီရေးအတွက် ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတဖို့ အရေးကြီးပါတယ်။ ဒီရွေးကောက်ပွဲမှာ မဲဆွယ်စည်းရုံးကြမယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ် မျှမျှတတ မဲဆွယ်စည်းရုံးခွင့်တွေ လိုပါတယ်။ အတိုက်အခံ နိုင်ငံရေးပါတီတွေအနေနဲ့ အစိုးရရဲ့ နိုင်ငံရေးပါတီတွေလိုပဲ မဲဆွယ်စည်းရုံးခွင့်တွေ ရှိရပါလိမ့်မယ်။”

ဂျာမန်စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံဖြိူးမှု ဆိုင်ရာ ဝန်ကြီး Drik Niebe ပြောသွားတာပါ။

တခါ ဒီကနေ့ မနက် ၈ နာရီက ရန်ကုန် Traders ဟိုတယ်မှာ ၈၈ မျိုူးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး နဲ့ ကိုဌေးကြွယ်တို့ ၃ဦးဟာလည်း EU ဖွံဖြိူးမှု ဆိုင်ရာ ကော်မရှင်နာမင်းကြီး၊ ဂျာမန်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံဖြိုးရေး ဆိုင်ရာ ဝန်ကြီး တို့နဲ့ တွေ့ဆုံပြီး ဖွံဖြိူးရေးဆိုင်ရာအကူအညီကိစ္စတွေ ပိတ်ဆို့ အရေးယူမှု အခြေအနေအပြင် လက်ရှိမြန်မာ့အရေးပေါ် အမြင်တွေ ဆွေးနွေးခဲ့ကြတယ်လို့ ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်က ပြောပါတယ်၊

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရွေးကောက်ပွဲ ဝင်ရမယ်၊ ပြီးတော့ လွှတ်တော်တွင်းနိုင်ငံရေးအခြေနေတခုက ပိုပြီးတော့ ခိုင်မာလာဖို့ ရှိတယ်ပေါ့။ အဲဒီကျတော့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုနဲ့အတူ နိုင်ငံရေးအရ တိုးတက်မှုတစုံတရာ ရှိတယ်လို့ ကျနော်တို့လည်း သုံးသပ်ပါတယ်။ ဒါပေမဲ့လို့ တကယ်ပြုပြင်ပြောင်းလဲတဲ့ အခြေနေပေါ်ကို ရောက်ဖို့က လိုပါသေးတယ်။ မြန်မာနိုင်ငံက အသွင်ကူးပြောင်းရေးအခြေနေထိကို မရောက်သေးပါဘူး။ လွတ်လပ်မှုတွေ ဖြေလျှော့ပေးနေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အသွင်ကူးပြောင်းရေးအခြေနေရောက်အောင် ဆက်လက်ပြီးတော့ လုပ်ဆောင်ရမယ့် အလုပ်တွေ အများကြီး ကျန်ပါသေးတယ်။ ဒီအခြေနေတွေကိုတော့ နိုင်ငံတကာလည်း သေသေချာချာ စောင့်ကြည့်လေ့လာသင့်သလို ဝိုင်းဝန်းကူညီပံ့ပိုးနိုင်ဖို့လည်း လိုအပ်တယ်ဆိုတာကိုတော့ ကျနော်တို့ ပြောဖြစ်ပါတယ်။ ကျနော်တို့အပြင် မြန်မာနိုင်ငံက တခြား မြန်မာ့နိုင်ငံရေးထဲမှာ ပါဝင်ပတ်သက်နေတဲ့ State Holders တွေအားလုံးနဲ့ တွေ့နိုင်ဖို့ကို ကျနော်တို့က အကြံပေးပါတယ်။ ဒါ ကျနော်တို့ ပြောရုံနဲ့ မဟုတ်ပါဘူး။ သူတို့ဆီမှာ ရှိနေတဲ့ Data တွေ အချက်အလက်တွေ နဲ့ သူတို့ ပြန်ပြီးတော့ သုံးသပ်မှာ ဖြစ်ပါတယ်။

၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ပါရှင်၊

ဒါ့အပြင် EU ဖွံဖြိူးရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဟာ ည ဒီကနေ့ ညနေက ရန်ကုန်မှာ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပါတယ်၊ ၃ရက်ကြာ လာခဲ့တဲ့သူခရီးစဉ်အတွင်းမှာ ပြုုပြင်ပြောင်းလဲမှုတွေရှိလာတာကို EU က ကြိူဆိုသလို မြန်မာနိုင်ငံအတွက် နောက်ထပ် ပြောင်းလဲရေးတွေ ပိုတိုးမြှင့်လုပ်ဆောင်နိုင်ရန် အားပေးဖို့ ရည်ရွယ်တဲ့ အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်၊

မြန်မာနိုင်ငံတွင်းမှာ ပြုပြင်ပြောင်းလဲရေးတွေဟာ ဘယ်လောက်စိတ်ချရပြီလဲဆိုတဲ့ အနေအထားနဲ့ နောက်ထပ် တိုးပြီး လုပ်လာတဲ့အပေါ်မှာ မူတည်ပြီး နောက်ထပ်အီးယူက ပိတ်ဆို့မှုတွေကို ထပ်မံလျှော့ချပေးမှာ ဖြစ်တယ်လို့လည်း ရှင်းပြသွားပါတယ်၊

အထူးသဖြင့် ဧပြီလ ၁ ရက်နေ့မှာ လုပ်မယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမှုတွေ ရှိဖို့အပြင် ကျန်နေ သေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုရင်တော့ ဧပြီလမှာ ပြန်ပြီးတော့ သုံးသပ်မယ့် EU ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒတွေမှာ အကျိူးသက်ရောက်တာတွေ ရှိမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ တခါ မနေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် နဲ့ အတုူ ပြည်သူလွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အပြင် အစိုးရအဖွဲ့က တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံပြီး ဆွေးနွေးချက် တချို့နဲ့ ပတ်သက်လို့ ရှင်းပြသွားတဲ့အထဲမှာတော့ ကြားဖြတ် ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတမှု ရှိအောင် စီစဉ်ထားတယ်ဆိုတဲ့ အစိုးရရဲ့ ကတိကဝတ်တွေကို သူရခဲ့တယ်ဆိုတာကိုလည်း ကော်မရှင်နာ မင်းကြီး Andris Piebags က သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်ကတော့ ဘာမှ ကတိမပေးခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ EU ဟာ ၁၇နိုင်ငံအဖွဲ့ဝင်တွေရဲ့ သဘောတူညီမှု ရရှိဖို့ လိုတဲ့အတွက်ကြောင့် ကျနော်တဦးတည်းအနေနဲ့ ပြောလို့ မရတာကြောင့်ပါ။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး ဖော်ဆောင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ ‘ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အမြန်ရုပ်သိမ်းပေးသွားမယ် လို့တော့ ကျနော်ပြောခဲ့ပါတယ်။”

အီးယူဥရောပသမဂ္ဂရဲ့ ဖွံဖြိူးရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Andris Piebalgs ပါရှင်။ သူ့အနေနဲ့ မြန်မာနိုင်ငံ လူသားချင်း စာနာမှု အကူုအညီပေးမှုတွေကို ယူရို သန်း၁၅၀ ပေးမယ်ဆိုတာအပြင် မြန်မာနိုင်ငံရဲ့ ပညာရေး နဲ့ ကျန်းမာရေး ကဏ္ဍတွေ တိုးမြှင့်ဖို့နဲ့အတူ ဖွံ့ဖြိုးရေးဆိုင်ရာတွေမှာ EU က အထောက်အကူပေးမယ်ဆိုတာနဲ့ တိုင်းရင်းသားဒေသက ငြိမ်းချမ်းရေးကိစ္စတွေ တခါ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေးအခြေနေတိုးတက်ရေးကိစ္စတွေကိုလည်း ထည့်သွင်းပြောကြားသွားပါတယ်ရှင်။

XS
SM
MD
LG