သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး၁၄ပါတီ ရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံ


ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီ ၁၄ ပါတီနဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။

လာမယ့် ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ၊ ရွေးကောက်ပွဲမှာ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်သွားတာမို့ ဒီကနေ့ နေပြည်တော်မှာ ရွေးကောက်ပွဲ ကော်မရှင်နဲ့ တွေ့ဆုံမှုက အကျိုးရှိပါတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ က ရွေးကောက်ပွဲ ဝင်မယ့် နိုင်ငံရေးပါတီ ၁၄ ပါတီနဲ့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကို စုံစမ်းထားတဲ့ မအေးသန္တာကျော်က ပြောပြပေးပါရှင်။

ဟုတ်ကဲ့ပါရှင်။ ဒီနေ့ နေပြည်တော်မှာ ရွေးကောက်ပွဲကော်မရှင် နဲ့ တွေ့ဆုံတော့ အရင် ရွေးကောက်ပွဲမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို တင်ပြဆွေးနွေးခဲ့ကြပါတယ်လို့ ဒီတွေ့ဆုံပွဲကို တက်ရောက်တဲ့ အန်အယ်ဒီ (NLD)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဟံသာမြင့်က ပြောပါတယ်။

ဦးဟံသာမြင့်။ ။ ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီ ၁၄ ခု အားလုံးနဲ့ ခေါ်ပြီး ကော်မရှင် ဥက္ကဌက ခေါ်ပြီးတွေ့တာပါ။ အဲဒီတော့ ကော်မရှင် ဥက္ကဌကော နောက် ကော်မရှင်မှာပါတဲ့ အဖွဲ့ဝင်တွေက ကော အခုလာမယ့် အရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီးတော့ လုပ်နည်းလုပ်ထုံးများနဲ့ ပတ်သက်ပြီးတော့ အကုန်လုံးကို ရှင်းပြတာပါ။ ဒီ ရွေးကောက်ပွဲကို တတ်နိုင်သမျှ တရားမျှတပြီးတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်အောင်လို့ ဝိုင်းဝန်းကူညီကြပါဆိုတဲ့ သဘောနဲ့ ကျနော်တို့ကို ပြောတာလည်း ပါပါတယ်။

သူတို့ကလည်း သူတို့ လုပ်ထားတဲ့ ကိစ္စတွေ သူတို့ရဲ့ ဥပဒေတွေ နောက် အစတုန်းက ၂၀၁၀ ခုနှစ် တုန်းက အမှားတွေကို သင်ခန်းစာ ယူပြီးတော့ အခုရွေးကောက်ပွဲမှာ မဖြစ်အောင် ဘယ်လို လုပ်မယ်ဆိုတဲ့ အကြောင်း ဒါတွေကို ခေါ်ပြောပါတယ်။ ၂၀၁၀ ခု ရွေးကောက်ပွဲတုန်းက သူတို့ မဟုတ်ဘူးလို့ မမှန်ဘူးလို့ ဥပဒေဘောင်မဝင်ဘူးလို့ ထင်ခဲ့တဲ့ ကိစ္စတွေ အားလုံးကို ပြန်ပြီးတော့ ပြောကြပါတယ်။ အဲဒီတော့ သူတို့ အတွေ့အကြုံတွေပေ့ါနော်။ ဒါတွေကို ပြောကြပါတယ်။ ဥက္ကဌအနေနဲ့ကလည်း ဒါကို ပြန်ဖြေရှင်းတဲ့ အခါမှာလည်း ဒီကိစ္စတွေကို လက်ခံပါတယ်။ သင်ခန်းစာတွေ ယူပြီးတော့ နောက်မဖြစ်အောင် ဘယ်လို လုပ်မလဲ ဆိုတာလည်း ပြောသွားပါတယ်။

ဒီတွေ့ဆုံပွဲကို တက်ရောက်တဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင် နိုင်ငံရေး ပါတီ ၁၄ ပါတီကလည်း သူတို့ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ သူတို့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ပတ်သက်လို့ တင်ပြသွားကြတာပါ။ ဦးဟံသာမြင့်ကပဲ...

ရွေးကောက်ပွဲ ကျနော်တို့ ပါခဲ့တာမဟုတ်ဘူး။ အဲဒီတော့ ပါခဲ့တဲ့လူများ သူတို့ တကယ်ကို ကြုံခဲ့ရတဲ့ ကိစ္စများ ပြောခဲ့တာလည်း ရှိပါတယ်။ နောက် တချို့ပါတီသစ်များကလည်း ပါတီဝင်စုဆောင်းတဲ့ နေရာမှာ ကြုံတွေနေရတဲ့ အခက်အခဲတွေ အကြပ်အတည်းတွေ ပေါ့နော်၊ နောက်ပြီးတော့ pressure ပေးတာပေ့ါနော်။ အာဏာပိုင်တွေက ဘယ်လို ပေးတယ်ဆိုတဲ့ အကြောင်းအရင်း ဒါတွေကို ပြောခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း ကော်မရှင် ဥက္ကဌက သူတတ်နိုင်တဲ့ ဘက်က ဖြေရှင်းပေးမယ်ဆိုတဲ့ ကတိပေးပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြိုတင်ဆန္ဒမဲပေးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မရှင်းတဲ့ အချက်တွေကို ရွေးကောက်ပွဲကောက်မရှင် ဥက္ကဌကို မေးမြန်းခဲ့ရာမှာ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌက ပြန်လည် ဖြေကြားပေးခဲ့တယ်လို့ ဆိုပါတယ်ရှင်။

ကျနော်တို့ဘက်က ဆရာဦးဉာဏ်ဝင်းကတော့ ကြိုတင်ဆန္ဒမဲ ပေးတဲ့ ကိစ္စဟာ လျှို့ဝှက်မဲပေးရမယ် ဆိုတဲ့ ကျနော်တို့ (......) နဲ့ ညီရဲ့လား။ အဲဒီကိစ္စကို မေးပါတယ်။ အဲဒီတော့ ကော်မရှင်ကလည်း ပြန်ပြီးတော့ ကြိုတင်ဆန္ဒမဲပေးတဲ့ အခါမှာ ပေးတဲ့လူဟာ လာပြီးတော့ မဲကို လာယူတဲ့လူတွေ မမြင်အောင်လို့ ပေးလို့ရတယ်လို့ ဥပဒေထဲမှာ ပါတဲ့ အတွက်ကြောင့် လျှို့ဝှက်ဆန္ဒမဲပေးခြင်းဆိုတဲ့ စည်းမျဉ်းနဲ့ ပေ့ါနော် ညီပါတယ်လို့ သူက ဖြေပါတယ်။

ဒီလိုခေါ်ယူတွေ့ဆုံမှုက ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ ကို အထောက်အကူအများကြီးဖြစ်စေပါတယ် လို့ ဦးဟံသာမြင့်က သုံးသပ်ပြောဆိုသွားပါတယ်။

ဦးဟံသာမြင့်။ ။ မဲဆွယ်စည်းရုံးတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ အနေနဲ့ တချို့ ကိစ္စတွေကို ပိုပြီးတော့၊ နောက်ပြီးတော့ မဲရုံ ၊ နောက်ပြီးတော့ တကယ်မဲ ရွေးတဲ့ အခါမှာ၊ မဲပေးတဲ့ အချိန်တွေမှာ လုပ်ဆောင်ရမယ့် ကိစ္စတွေ နဲ့ ပတ်သက်လို့ ကျနော်တို့ အနေနဲ့ ပိုပြီးတော့ ရှင်းရှင်းလင်းလင်းရှိသွားတာပေ့ါ။ ဒါ တချို့ကိစ္စတွေက ရှင်းလိုက်လို့ရတာတွေ အများကြီးရှိတယ် လို့ ကျနော်ထင်ပါတယ်။ တချို့ပါတီတွေမှာ မရှင်းမလင်းဖြစ်နေတဲ့ ကိစ္စတွေကလည်း တော်တော်ရှင်းသွားတယ်လို့ ထင်ပါတယ်။

ရွေးကောက်ပွဲဝင်နိုင်ငံရေး ပါတီတွေနဲ့ ရွေးကောက်ပွဲကော်မရှင် အင်္ဂါနေ့က နေပြည်တော်မှာတွေ့ဆုံမှုမှာ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကနေပြီး တက်ရောက်ခဲ့တဲ့ ဦးဟံသာမြင့် ပြောသွားတာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဘယ်သူ့သြဇာလွှမ်းမိုးမှုမှ မရှိတဲ့ လွတ်လပ်တဲ့ ကော်မရှင်ဖြစ်တယ် ဆိုတာကို ကော်မရှင်ဥက္ကဌက ထပ်ကာ ထပ်ကာပြောနေခဲ့တာပါ။ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲကျရင်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေနဲ့ ရွေးကောက်ပွဲ အတွက် ကုန်ကျစရိတ် ကျပ်သန်း ၇၀၀ သုံးစွဲဖို့ ရှိတယ်လို့လည်း အရင်က သတင်းစာရှင်းလင်းပွဲမှာ အသိပေး ပြောသွားခဲ့ဖူးတာရှိပါတယ်ရှင်။

XS
SM
MD
LG