သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ လက်ခံဖို့ မြန်မာ အလေးထားစဉ်းစား


အာဆီယံရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ လက်ခံဖို့ မြန်မာ အလေးထားစဉ်းစား
အာဆီယံရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ လက်ခံဖို့ မြန်မာ အလေးထားစဉ်းစား

မြန်မာက လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ အာဆီယံစောင့်ကြည့်ရေးကို လက်ခံဖို့ စဉ်းစားနေပါတယ်။

လာမယ့် ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ လေ့လာရေးအဖွဲ့ လက်ခံဖို့ကိစ္စကို မြန်မာအစိုးရအနေနဲ့ အလေးအနက်ထား စဉ်းစားပါ့မယ်လို့ အကြောင်းပြန်ထားပါတယ်။ လေ့လာသူတွေကတော့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အရင် ၂၀၁၀ ရွေးကောက်ပွဲနဲ့မတူဘဲ လွတ်လပ်မျှတမယ့်သဘောတော့ ရှိတယ်လို့ ယူဆကြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံအတွင်းရေးမှုးချုပ် ဆူရင်းပစ်ဆူဝမ်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန် တို့ ဒီကနေ့ တွေ့ဆုံခဲ့ရာမှာ၊ အာဆီယံဘက်က အခုလို ကြားဖြတ်ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ စေလွှတ်မယ်ဖို့ ကမ်းလှမ်းချက်ကို၊ အလေးအနက်ထားပြီး စဉ်းစားပါ့မယ်လို့ သမ္မတဦးသိန်းစိန်က တုံ့ပြန်သွားခဲ့တာပါ။ ၄ ရက်ကြာခရီးအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာဆီယံအတွင်းရေးမှုးချုပ်ဟာ ဒီကနေ့မှာ နေပြည်တော်မှာ မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှုး ဦးဉာဏ်ဝင်းက အခုလို အာဆီယံ လေ့လာရေး အဖွဲ့ စေလွှတ်ခွင့်ရမယ်ဆိုရင်၊ မျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်တယ်ဆိုတာကို သက်သေပြရာ ရောက်မယ်လို့ ပြောပါတယ်။

“ခုရွေးကောက်ပွဲကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့စာရင်တော့ နိုင်ငံတကာစောင့်ကြည့်ခွင့်တွေ ရလာမယ်လို့ ကျနော်တို့ မျှော်လင့်တယ်၊ ရလည်း ရသင့်တယ်လို့ ထင်ပါတယ်။ ရလာတဲ့အခါမှာ မျှတတဲ့ ရွေးကောက်ပွဲတခု မြန်မာနိုင်ငံမှာ ကျင်းပနိုင်တယ်လို့ ဂုဏ်ယူစရာတခု အဖြစ် ပေါ်လာ တာပေါ့။”

မေး၊ အာဆီယံကြည့်ရှုနိုင်တဲ့အခြေအနေနဲ့ရော ထူးခြားပါ့မလား၊

“ ထူးတာပေါ့ဗျာ.. အနည်းဆုံးတော့ဗျာ.. မြန်မာနိုင်ငံပြင်ပက ဘယ်ကဖြစ်ဖြစ် လာပြီးတော့ ကြီးကြပ် တာကို လုပ်ရဲတယ်.. ပြရဲတယ် ဆိုတဲ့ အင်္ဂါရပ်တော့ ပေါ်တာပေါ့။”

အာဆီယံအနေနဲ့ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့စေလွှတ်နိုင်မယ်ဆိုရင်တော့ ဒါဟာ ဆယ်စုနှစ်တွေ အတွင်း မြန်မာနိုင်ငံက ရွေးကောက်ပွဲတခုကို နိုင်ငံတကာအဖွဲ့အစည်းတခုက ပထမဆုံးအကြိမ် လာရောက်လေ့လာခွင့်ရတဲ့ သဘောဖြစ်မှာပါ။ မင်္ဂလာမြန်မာအဖွဲ့က ဒါရိုက်တာဖြစ်သူ ဦးဖုန်းဝင်း ကတော့ အနောက်နိုင်ငံက လေ့လာရေးအဖွဲ့တွေထက်စာရင်တော့၊ အာဆီယံလို အဖွဲ့က ကိုယ်စားလှယ်ကို မြန်မာဘက်က ပိုပြီး လိုလားတာကြောင့် အာဆီယံ ကိုယ်စားလှယ်အဖွဲ့ လာရောက်ရေးဖြစ်နိုင်တယ်လို့ မြင်ပါတယ်။

“ကျနော်ထင်တာတော့ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေထက်စာရင် အာဆီယံကနေ လွှတ်တဲ့အဖွဲ့ကို လက်ခံနိုင်ဖို့ ပိုများတာပေါ့။ အာဆီယံ အနေနဲ့ ကလည်း ဒီလုပ်ငန်းကို ဝင်လုပ်ချင်တဲ့ ပုံစံရှိတယ်လေ။ မြန်မာပြည်ကလည်း အာဆီယံကိုတော့ လက်ခံတဲ့သဘောရှိတယ်လေ။ အာဆီယံက နာဂစ်တုန်းကလည်း မြန်မာအစိုးရနဲ့ သေသေချာချာ ပူးပေါင်းပြီး လုပ်ကိုင်နိုင်တဲ့အတွက် အောင်မြင်တာတွေ ရှိတယ်။ ဆိုတော့ အာဆီယံကလည်း ပြန်လုပ်ချင်တယ်။ မြန်မာအစိုးရကလည်း အာဆီယံဆိုရင်တော့ လက်ခံနိုင်လောက်တယ်လို့ ကျနော်တို့ ယူဆထားပါတယ်။ မြန်မာအစိုးရက သေသေချာချာ လေးလေးနက်နက် စဉ်းစားပြီးတော့ လက်ခံလိမ့်မယ်ထင်ပါတယ်။”

မေး။ ခု လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကရော ဘယ်လောက်ထိ လွတ်လပ်မျှတမယ့် အခြေနေ ရှိလဲ၊ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲတွေဘာတွေ ပြဿနာတွေနဲ့ တော်တော် ရှုပ်ရှုပ် ယှက်ယှက် ဖြစ်ခဲ့တော့လေ။

“ခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲကတော့ လက်ရှိအခြေနေကိုပဲ ကြည့်လိုက်လို့ရှိရင် အရင် ရွေးကောက်ပွဲ နဲ့ မတူဘဲ တော်တော်လေးကို လွတ်လွတ်လပ်လပ် လုပ်ပေးထားတာ တွေ့ရတယ်။ ရွေးကောက်ပွဲလုပ်မယ့် ဧပြီ ၁ရက်နေ့အထိလည်း ခုလိုပဲ ဆက်ပြီး လွတ်လပ်ခွင့်တွေ ပေးထားမယ်လို့ ကျနော်တို့ ယူဆတယ်၊ ရွေးကောက်ပွဲနေ့ကျရင်လည်း အစိုးရအနေနဲ့ အတတ်နိုင်ဆုံး သန့်သန့်ရှင်းရှင်း ဖြစ်အောင် လုပ်မယ့်သဘောရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်ခြင်းအားဖြင့် ပါတီတွေအားလုံး သန့်သန့်ရှင်းရှင်း နဲ့ လွတ်လွတ်လပ်လပ် မျှမျှတတလုပ်တဲ့ ရွေးကောက်ပွဲကို ဘယ်လိုပြိုင်ရမလဲဆိုတာ သူတို့ နားလည်သွားမယ်။ ဒီတော့ အဲလို နားလည်သွားခြင်းအားဖြင့် ဒီပါတီတွေက ၂၀၁၅ အတွက် သူတို့ ပြင်ဆင်ချိန် ရသွားမယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်လိုက်တဲ့ အကျိုး ကျေးဇူးက အတိုက်အခံပါတီတွေပေါ်မှာပဲ ရှိတာမဟုတ်ဘဲနဲ့ ဒီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အတွက်လည်း အကျိုး ရှိမယ်လို့ ထင်ပါတယ်။ သူတို့လည်း ၂၀၁၅ မှာ ဘယ်လိုပြိုင်ရမလဲဆိုတာကို နားလည်သွားမှာပေါ့။”

လာမယ့် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာကို ယှဉ်ပြိုင်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေရာ အားလုံးနိုင်တယ်ပဲထား၊ လွှတ်တော်ထဲမှာတော့ အာဏာရကြံခိုင်ရေးပါတီကပဲ အများစုနေရာ ရှိနေဦး မှာပါ။ ဒါကြောင့်လည်း အာဏာပိုင်တွေဘက်က ဒီရွေးကောက်ပွဲကိုတော့ လွတ်လပ်မျှတအောင် ကျင်းပပေးနိုင်တယ်လို့ သုံးသပ်သူတွေ ယူဆကြပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ အာဆီယံ အတွင်းရေးမှုးချုပ် ဆူရင်းပစ်ဆူဝမ်ဟာ ရန်ကုန်မြို့မှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖွယ် ရှိပါတယ်။ ဒါ့အပြင် ဧရာဝတီတိုင်း ဖျာပုံဘက်ကို သွားရောက်ဖို့ရှိပါတယ်။ အဲဒီမှာတော့ အာဆီယံက ကူညီဆောင်ရွက် ပေးနေတဲ့ ဖွံဖြိုးရေးလုပ်ငန်းတွေနဲ့ နာဂစ်ကယ်ဆယ်နေရာချထားရေးအစီအမံတွေကို သွားရောက် စစ်ဆေးမှာဖြစ်ပါတယ်။

XS
SM
MD
LG