သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်း


DKBA တပ်ဖွဲ့ဝင်အချို့။
DKBA တပ်ဖွဲ့ဝင်အချို့။

မြန်မာအစိုးရနဲ့ အသစ်တဖန် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ် DKBA က လက်နက်တွေကို နယ်ခြားစောင့်တပ်က သိမ်းယူပြီးနောက် လက်နက်တွေ ပြန်မပေးနိုင်ဘူးလို့ နယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်မောင်မောင်အုန်းက

ဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြိုင်ကြီးငူဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ လက်နက်သိမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်

DKBA ခေါင်းဆောင်ဗိုလ်မောင်လေးနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်ဖားနွီး၊ မြန်မာအစိုးရက ဖွဲစည်းပေးထားတဲ့ နယ်ခြားစောင့်တွေရဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ဖားအံမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံမှုအတွင်းမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာတော့ ပြေလည်မှုရခဲ့ပေမဲ့ လက်နက်ပြန်ပေးဖို့ကိစ္စမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ DKBA တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက-

“ဒီနေ့ ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ အရှေ့တောင်တိုင်း၊ တိုင်းမှူးနဲ့ တွေ့ခွင့်ရတယ်။ ဗိုလ်ချုပ်ဖားနွီးနဲ့လည်း ဆုံတယ်။ ဆုံတဲ့အချိန်မှာ ငါတို့ ကရင်အချင်းချင်းက နောက်နောင် ဒီလို တယောက်နဲ့တယောက် မဖြစ်စေရဘူး။ တယောက်နဲ့ယောက် ပစ်ခတ်မှု မဖြစ်စေရတော့ဘူး၊ အရင်ဆုံးနဲ့ နောက်ဆုံးပေါ့။ ဒီလို ကရင်အချင်းချင်း သေတာကတော့ တော်သင့်တယ်။ မင်းတို့ သေနတ် ပြန်ပေးမယ်ဆိုပြီးတော့ ဗိုလ်ချုပ်ဖားနွီးက အဲလို ထွက်ဆိုခဲ့တယ်။

ဒါပေမယ့် ဗိုလ်ချုပ်မောင်မောင်အုန်းက မပေးဘူး။ ဗိုလ်မှူးမောင်အေးကို ပြဿနာပေါ်မယ်။ ဒီသေနတ်မပေးဘူးဆိုပြီးတော့ လက်နက်တွေကို ကျနော်တို့လက်ထဲမှာ မရောက်သေးဘူး၊ မပေးလိုက်သေးဘူး။ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းအနေနဲ့ ကျနော်တို့ငြိမ်းချမ်းရေးကို ပျက်ပြားအောင်လုပ်နေတယ်လို့ ကျနော်တို့မြင်တယ်။ ကျနော်တို့ငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်တယ်။”

ငြိမ်းချမ်းရေးလုပ်ထားတာ ၃ လကျော် ကြာတဲ့အချိန်မှာပဲ ဖျက်သိမ်းရတာကတော့ ဆက်ပြီးအနိုင်ကျင့်တာတွေကို လက်မခံနိုင်တာကြောင့်လို့ ဆိုပါတယ်။

“ကျနော်တို့ဖျက်သိမ်းလိုက်ပါတယ်။ အခုပဲ -ကျနော်တို့က လူသိရှင်သိပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက ကျနော်တို့တိုင်းရင်းသားတွေ အပေါ် စေတနာမမှန်ဘူး။ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်ပြီ။ ငြိမ်းချမ်းရေးအစစ်အမှန်မဟုတ်တဲ့အတွက် ကျနော်တို့က ပြန်စစ်တိုက်မယ်။

ကျနော်တို့ ဒီသေနတ်တွေကို ကျနော်တို့က ပြန် တောင်းလို့ မရဘူးဆိုရင်- ဒီသေနတ်တွေကို နိုင်ငံတော်ငွေကြေးနဲ့ ဝယ်ယူပေးထားတာဆိုရင်လက်ခံတယ်။ သက်သက်ပြန်ယူဆိုပြီးတော့ ကျနော်တို့လက်ခံတယ်။ ဒီလက်နက်တွေဟာ DKBA တည်ဆောက်တုန်းက စုထားတဲ့ လက်နက်တွေပဲ။ တောင်းလို့ မရတဲ့အတွက်ကြောင့်၊ မပေးတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးအတွက် နောက်နောင်ဆိုရင် အနိုင်ကျင့်ခံရမယ်၊ နောက်နောင်ဆိုလို့ရှိရင် ကျနော်တို့ကို ဖိနှိပ်မယ်၊ တိုင်းရင်းသားတွေကို လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ပုံစံနဲ့လုပ်တယ်လို့ ကျနော်တို့က အဲဒီလို ခံစားရတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့က ပြန်ပြီး ရုပ်သိမ်းတယ်။ ကျနော် တဦးတယောက်ရဲ့ သဘောထားမဟုတ်ဘူး၊ ကျနော်တို့ တပ်ဗိုလ်၊ တပ်မှူးတွေရဲ့ သဘောထား အဲလိုပဲ ရှိတယ်။ ငြိမ်းချမ်းရေးက အစစ်အမှန်ပြန်ရဖို့ဆိုရင် ပြန်စစ်ထိုးမယ်။ ပြန်တိုက်မယ်။ ”

DKBA ဟာ KNU ကနေ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးကို ၁၆ နှစ် ကြာ ရယူခဲ့ပါတယ်။

၂ဝ၁ဝ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်ဖွဲစည်းရေး လုပ်ရမယ်ဆိုပြီး မြန်မာအစိုးရက ဖိအားပေးလာတဲ့ အတွက် တနှစ်နီးပါး ပြန်လည်တိုက်ခိုက်မူတွေ ဖြစ်ခဲ့ပြီး ဒုက္ခသည်သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီ့နောက် ၂ဝ၁၁ နိုဝင်ဘာလထဲမှာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့တွေကို သဘောတူခဲ့ပါတယ်။ အခုအခါမှာတော့ တင်းမာမှုတွေဖြစ်ပြီး သူတို့ငြိမ်းချမ်းရေးဟာ ပျက်ပြားသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG