သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီဂျေးနမ်ဘီးယားကို မြန်မာအတွက် သီးသန့်တာဝန်ပေး


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးအဖွဲ့ အကြီးအကဲလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး တာဝန်လည်း ထမ်းဆောင်နေတဲ့ မစ္စတာ ဗီဂျေး နမ်ဘီးယား Vijay Nambiar ဟာ ဧပြီလတရက်နေ့က စပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးတာဝန်ကိုပဲ သီးသန့်ထမ်းဆောင်တော့မှာ ဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်းက သူ့ရဲ့ဒုတိယအကြိမ် အတွင်းရေးမှူးချုပ် ဒုတိယသက်တမ်းအတွက် ရုံးအဖွဲ့သစ်မှာ တာဝန်ထမ်းဆောင်မယ့်သူတွေကို သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

“လက်ရှိ ကျနော့်ရဲ့ ရုံးအဖွဲ့အကြီးအကဲ မစ္စတာ ဘီဂျေး၊ နမ်ဘီးယားဟာ သူ အခုတာဝန်ယူဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး တာဝန်ကိုပဲ အာရုံစိုက်ပြီးတော့ ဆောင်ရွက်တော့မှာပါ။ ဧပြီလ ၁ ရက်နေ့ကျလို့ရှိရင် ရုံးအဖွဲ့အကြီးအကဲ အသစ်အဖြစ်နဲ့ တာဝန်ယူမယ့်သူကို အခုထမ်းဆောင်နေတဲ့ အလုပ်တွေ စနစ်တကျ လွဲှပြောင်းပေးဖို့ ပြောထားပြီးပါပြီ”

မစ္စတာ ဘီဂျေးနမ်ဘီးယားနေရာမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အကြီးအကဲအဖြစ်နဲ့ အာဂျင်တီးနားနိုင်ငံက ဆူဇဲန်နား မယ်လ်ကော်ရာ Susana Malcorra ကို ခန့်အပ်မှာ ဖြစ်ပါတယ်။ မစ္စတာနမ်ဘီးယားဟာ မကြာသေးခင်ကမှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။ ပြီးခဲ့တဲ့သောကြာနေ့ နယူးယောက် ကုလသမဂ္ဂရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာတွေ့ရပေမယ့် ရေရှည်တည်ငြိမ်အေးချမ်းမှုရှိစေဖို့ အဓိက လုပ်ဆောင်ရမှာဖြစ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးမှာ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲ ထင်သာမြင်သာရှိပြီး တရားမျှတဖို့၊ တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးနဲ့ ပြန်လည်သွေးစည်းဖို့နဲ့ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်မြှင့်တင်ဖို့တွေကို ဦးစားပေးလုပ်ဆောင်မှ တာရှည်ခံတဲ့ ပြောင်းလဲမှု ဖြစ်လာမယ်လို့ ဆိုပါတယ်။

XS
SM
MD
LG