မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဟာ ရှေ့ကို သွားနေတဲ့အကြောင်းနဲ့ ခုလိုပဲ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်ပြီး လုပ်သွားလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး ဒေါက်တာ ဒီနို ပါတီ ဂျလားက ပြောလိုက်ပါတယ်။ မတ်လ ၂ ရက်နေ့က ဝါရှင်တန် ဒီစီမြို့တော် အမေရိကန်တက္ကသိုလ် အာဆီယံဋ္ဌာနမှာ ကျင်းပတဲ့ အာဆီယံနဲ့ နိုင်ငံတကာဆက်ဆံရေး၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အတွေ့အကြုံတွေကို ရှင်းလင်း ပြောဆိုတဲ့ ပွဲမှာ ဒေါက်တာ ဒီနိုပါတီ ဂျလားက အခုလို ပြောဆိုသွားတာပါ။ အပြည့်အစုံကိုတော့ အဲဒီပွဲကို ကိုယ်တိုင် သွားပြီး သတင်းယူခဲ့တဲ့ ကိုကျော်သိင်္ခက တင်ပြပေးထားပါတယ်။
ဒေါ်အောင်ဆန်း စုကြည်ဟာ မြန်မာအစိုးရ နဲ့ ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတဲ့အကြောင်း၊ မြန်မာ နိုင်ငံဟာ ပြုပြင်ပြောင်းလဲခဲ့ပြီးဆိုတဲ့ အကြောင်း၊မြန်မာ အစိုရအနေနဲ့လည်း နိုင်ငံတကာ နဲ့ ပိုပြီးတော့ ထိတွေ့ ဆက်ဆံမှုတွေ လုပ်နေတယ်ဆိုတဲ့အကြောင်း ပြောဆိုသွားခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နဲ့ ပက်သက်ပြီးတော့လည်း သူက ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ကာလမှာ အတက်ရှိသလို အကျလည်း ရှိကြောင်း၊ ရပ်တန့်နေရတဲ့ အခြေအနေမျိုးရှိသလို ဆက်ပြီး သွားလို့ရတဲ့ အချိန်အခါလည်း ရှိကြောင်း သူက အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ ကြိုးပမ်းမှု အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီးပြောသွားပါတယ်။
အာဆီယံနဲ့ တရုတ်နိုင်ငံတို့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုကိစ္စနဲ့ ပက်သက်ပြီး တရုတ်နိုင်ငံဘက်က သဘောမတူချင်ပေမယ့် သဘောတူခဲ့ပြီးဖြစ်ကြောင်း၊ အာဆီယံ-တရုတ် နှစ်ဘက် သဘောတူညီမှု စာချုပ်ချုပ်ဆိုတဲ့ နောက်ဆုံးအဆင့်အထိရောက်ဖို့ အချိန်ကာလအားဖြင့် ၁ဝ နှစ်ကြာမည်ဖြစ်ကြောင်းကိုလည်း သူက ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။