သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒဏ်ခတ်မှုမရုပ်သိမ်းခင် အဓမ္မလုပ်အားစေခိုင်းမှုရပ်ပါ


မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ဒဏ်ခတ် အရေးယူမှုတွေကို မရုပ်သိမ်းခင် အဓမ္မ အလုပ်ခိုင်းစေမှုတွေကို ရပ်ဆိုင်းဖို့ ဗြိတိန်နိုင်ငံက အလုပ်သမား သမဂ္ဂများ ကွန်ဂရက် TUC က ဗြိတိသျှ အစိုးရကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေ ရှိခဲ့တာ မှန်ပေမဲ့ နေရာအနှံ့ အလုပ်ကြမ်း ခိုင်းစေမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ သိသိသာသာ ရှိနေတုန်းပဲလို့ TUC ရဲ့ အထွေထွေ အတွင်းရေးမှူး Brendan Barber က ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး William Hague ထံ ပေးပို့တဲ့ စာမှာဖော်ပြထားတာပါ။

မကြာသေးခင်တုန်းက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတာ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲတာ စတဲ့ အပြောင်းအလဲတွေကို တုံ့ပြန်တဲ့ အနေနဲ့ EU က မြန်မာအရာရှိ ၉ဝ လောက်အပေါ် ပြည်ဝင်ခွင့်ဗီဇာ တားမြစ်ထားတာကို ရုပ်သိမ်းပေးခဲ့တာ ဖြစ်ပါတယ်။

EU ဝန်ကြီး တချို့ကလည်း မြန်မာနိုင်ငံအပေါ် ဘုံရပ်တည်ချက်အဖြစ် ဧပြီလမှာ ချမှတ်တဲ့အခါ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းဖို့ ဆန္ဒရှိနေကြတာမို့ ဒါဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လျစ်လျူရှုရာ ကျတယ်လို့လည်း TUC က ထောက်ပြထားတာပါ။ EU နဲ့ မြန်မာနိုင်ငံအပေါ် အလားတူ ပြစ်ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စု တို့ကတော့ မြန်မာနိုင်ငံမှာ လာမယ့် ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် လွှတ်တော် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ လွတ်လပ်မျှတမှု ရှိမရှိ ဆိုတာဟာလည်း ဒဏ်ခတ်မှုတွေ လျှော့ပေါ့ရာမှာ ထည့်သွင်းစဉ်းစားမယ့် ကိစ္စဖြစ်တယ်လို့ ပြောဆိုထားကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG