သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားမည်


ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာ့ဒ် (John Baird) ဟာ ကနေဒါနိုင်ငံကနေ မြန်မာနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။ သူ့ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှုတွေ ပိုပြီး ဖြစ်ပေါ်လာဖို့ အားပေးရာ ရောက်လိမ့်မယ်လို့ မြန်မာ့အရေး လှုပ်ရှားသူတွေက မျှော်လင့်နေကြပါတယ်။

မစ္စတာ ဘာ့ဒ် ဟာ မြန်မာနိုင်ငံကို ပထမဆုံးသွားရောက်တဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးဖြစ်သလို အခုလို သမိုင်းဝင် ခရီးစဉ်ကနေ မြန်မာ့နိုင်ငံရဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ နောက်ကြောင်း ပြန်မလှည့်ဘဲ ရှေ့ကို ဆက်သွားနိုင်ဖို့ တွန်းအားပေးတဲ့ ခရီးစဉ်တစ်ခုဖြစ်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း ကနေဒါနိုင်ငံအခြေစိုက် ကနေဒါ မြန်မာ့မိတ်ဆွေများ အဖွဲ့ Canadian Friends of Burma ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုတင်မောင်ထူးက ပြောပါတယ်။

“မြန်မာပြည်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ကနေဒါက နိုင်ငံခြားရေးဝန်ကြီးတယောက်အနေနဲ့ သမိုင်းမှာ ပထမဆုံးအကြိမ် သွားတယ်ဆိုတာ ကျနော်တို့က အကောင်းသဘောနဲ့လို့ ယူဆပါတယ်။ အထူးသဖြင့်ကတော့ ပြည်တွင်းမှာ အပြောင်းအလဲတွေပေါ်မှာ ပိုပြီးအားပေးမှုဖြစ်ပေါ်လာဖို့နဲ့ နောက်တချက်က ဗမာပြည်မှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် သူတို့ကိုလည်းပဲ တဘက်က International ရဲ့ support ရှိနေတယ်၊ ဆက်ပြီးတော့လည်း ပံ့ပိုးသွားမယ်ဆိုတဲ့ signal တွေကိုပေါ့နော်- သွားပေးတယ်လို့ ယူဆပါတယ်။ ကောင်းတဲ့ခြေလှမ်းတခုလို့ပဲ ကျနော်တို့က မြင်ပါတယ်။ ဒီအပေါ်မှာ ကောင်းမွန်တဲ့ရလဒ်တွေဖြစ်လာနိုင်မယ်လို့ ကျနော်တို့က အကောင်းသဘောယူဆထားပါတယ်”

မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ကနေဒါနိုင်ငံက သတိနဲ့ စောင့်ကြည့်နေတာဖြစ်ပါတယ်။ လက်ရှိ အနေအထားမှာ မြန်မာအစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားဆဲ ဖြစ်သလို တဘက်ကလည်း လူ့အခွင့်အရေးအပေါ်မှာ အခြေခံတဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်လာအောင် ဖိအားပေးဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အခု နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားတာဟာလည်း ဒီ ထိတွေ့ဆက်ဆံမှုရဲ့ ပထမ ခြေလှမ်းတွေ ဖြစ်တယ်လို့ ကိုတင်မောင်ထူးက ပြောပါတယ်။

“ဒါကတော့ အစောပိုင်းကာလတွေလို့ ကျနော်ယူဆပါတယ်။ မြန်မာပြည်မှာ ပြုပြင်ပြောင်းလဲမှုတွေ ကျေနပ်လောက်တဲ့အနေအထားတခု ဆက်ပြီးတော့ ဖြစ်သွားအုံးမယ်ဆိုရင်တော့ ကနေဒါကနေ ချမှတ်ထားတဲ့ အရေးယူမှုတွေ၊ ပိတ်ဆို့မှုတွေဟာလည်းပဲ သူ့အလိုအလျှောက် ပွင့်သွားမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်မှာ အပြောင်းအလဲဖြစ်ဖို့အတွက်ကိုပဲ ဖိအားပေးမှုတွေက လုပ်ခဲ့တာပါ။ ဆိုတော့-အပြောင်းအလဲဖြစ်တာနဲ့ တချိန်တည်းမှာပဲ ကနေဒါက ဒီ အပြောင်းအလဲပုံသဏ္ဍန်ကို လုပ်ပေးရမယ်ဆိုတာ - အဲလိုမျိုးပဲ မြင်ပါတယ်”

ကနေဒါနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်ကစပြီးတော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို တွန်းအားပေးသွားဖို့-ဆိုတဲ့ မူဝါဒကို ချမှတ် ဆောင်ရွက်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိ စောင့်ကြည့်ဆဲ အနေအထားမှာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုပ်သိမ်းမှာ မဟုတ်ဘူးလို့လည်း မကြာသေးခင်ကပဲ ကနေဒါ အရာရှိတချို့က ပြောဆိုခဲ့ပါတယ်။ ၂ဝဝ၇ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်ထားတဲ့ ကနေဒါနိုင်ငံဟာ မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ပြင်းပြင်းထန်ထန် ဝေဖန် ထောက်ပြလေ့ရှိတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။

အခုချိန်မှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုတွေ စတင် ဖော်ဆောင်လာနေတာကြောင့် ဒါကို အားပေးတဲ့အနေနဲ့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်တာ ဖြစ်တယ်လို့ ကနေဒါနိုင်ငံမှာ မြန်မာ့အရေး လှုပ်ရှားနေတဲ့ Canadian Friends of Burma ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ကိုတင်မောင်ထူးက ပြောပါတယ်။ မစ္စတာ ဘာ့ဒ် ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကို မသိရသေးပေမဲ့ သူ့အနေနဲ့ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သူ ပထမဆုံးသွားရောက်မှာ ဖြစ်ပြီး အဲဒီမှာ သမ္မတ ဦးသိန်းစိန် အပါအဝင် ထိပ်ပိုင်း အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိသလို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရန်ကုန်မြို့မှာ သွားရောက် တွေ့ဆုံမှာဖြစ်တယ်လို့ ကနေဒါ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို ရှေ့တန်းကနေ အားပေးလာခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်သလို ၂ဝဝ၇ ခုနှစ်က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားအဖြစ် ဂုဏ်ပြုချီးမြှင့်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

XS
SM
MD
LG