သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်တာနက် Hacker အဖွဲ့ Anonymous ခေါင်းဆောင်ကို ဖမ်းလိုက်ပြီ


Anomymous- အမည်မသိလို့ခေါ်တဲ့ နိုင်ငံတကာ ကွန်ပြူတာကွန်ယက် ဖောက်ထွင်းရေးအဖွဲ့ကြီးရဲ့ ခေါင်းဆောင်တချို့ဟာ အခုတော့ အမည်မသိတွေ မဟုတ်ကြတော့ပါဘူး- အမည်တွေ ပေါ်ကုန်ပါပြီ။

ကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ (Hacker) ဇေဗီယာ မွန်ဆေးဂူးလ် (Xavier Monsegur) အပါအဝင် ထိပ်တန်းကွန်ပြူတာဖောက်ထွင်းသူ ဟက်ကာ ၆ ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်တဲ့အကြောင်း နယူးယောက် အာဏာပိုင်များက အင်္ဂါနေ့မှာ အသိပေး ကြေညာပါတယ်။

ဟက်ကာများကို ဖမ်းဆီးနိုင်ဖို့အတွက် ဟက်ကာနာမည်ဝှက် ဆာဘူး (Sabu) လို့ သိကြတဲ့ ဇေဗီယာမွန်ဆေးဂူးလ်က အာဏာပိုင်များနဲ့ ပူးပေါင်းကူညီမှု ပေးခဲ့တယ်လို့ အာဏာပိုင်များက ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ဇေဗီယာမွန်ဆေးဂူးလ်ဟာ ကွန်ပြူတာများ ဖောက်ထွင်းခဲ့တဲ့အကြောင်း ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။

အခုအခါမှာ ဒေါ်လာ ၅ သောင်းတန်တဲ့ အာမခံနဲ့ အပြင်မှာ ရှိနေပါတယ်။ ဧရာမ credit (အကြွေး) ကဒ် ကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ ဗီဇာနဲ့ မာစတာကဒ်တို့ကိုလည်းကောင်း၊ ကွန်ပြူတာကတဆင့် ငွေချေမှု ဝန်ဆောင်လုပ်ငန်း Paypal ကိုလည်းကောင်း၊ တူနီးရှား၊ အယ်လ်ဂျီးရီးယား၊ ယီမဲန်၊ ဇင်ဘာဘွေ အစိုးရတွေနဲ့ အမေရိကန်ဆီးနိတ် ကွန်ပြူတာစနစ်တွေကို ဖောက်ထွင်းခဲ့တဲ့အကြောင်း ဇေဗီယာ မွန်ဆေးဂူးလ်က ဝန်ခံဖြောင့်ချက်ပေးခဲ့ပါတယ်။

တခြား ဟက်ကာအုပ်စုတွေဖြစ်ကြတဲ့ Lulz Security နဲ့ Internet Feds မှာလည်း မွန်ဆေးဂူးလ်ပါဝင်ခဲ့ကြောင်း ရုံးတော်ကိုတင်တဲ့ စာရွက်စာတန်းများမှာ ပါဝင်ပါတယ်။

XS
SM
MD
LG