သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆန္ဒရှင်စာရင်းအမှားပြင်ဆင်ချက် ရက်တိုးပေးဖို့ NLD တောင်းဆို


ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်တွေရဲ့စာရင်း မှားယွင်းတာကို အမှန်ဖြစ်အောင် ပြင်ဆင်နိုင်ဖို့ အတွက် လာမယ့် မတ်လ ၂၁ ရက်နေ့ထိ ပြင်ဆင်လျှောက်ထား တောင်းဆိုခွင့်ပြုထားတဲ့ ရက်တွေ ထပ်တိုးပေးဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဒီကနေ့ မေတ္တာရပ်ခံစာ တစောင်ပေးပို့လိုက်ပါတယ်။

ဒ့ါအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြားဖြတ်ရွေးကောက်ပွဲမှာ ဥပဒေအရ ကြိုတင်မဲပေးခွင့်ရှိသူကလွဲရင် ကျန်တဲ့ မဲဆန္ဒရှင်တွေအားလုံး မဲရုံမှာသာ မဲပေးကြဖို့-ဆိုတဲ့ တိုက်တွန်းနှိုးဆော်ချက်တခုကို ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။ ဒီအခြေအနေတွေ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးတွေက ထုတ်ပြန်တဲ့အခါ နေရာအတော်များများမှာ စာရင်းတွေမှားနေတယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။ မဲဆန္ဒရှင်တွေရဲ့ စာရင်းနဲ့ ပတ်သက်လို့ ပြင်ဆင်ချင်တာ၊ တောင်းဆိုချင်တာနဲ့အတူ ပြန်လည်လျောက်ထားတာတွေကို ကော်မရှင်က စာရင်းထုတ်ပြန်ပြီး ၁ ပတ်အတွင်းလုပ်ရမယ်ဆိုတဲ့ ဥပဒေ ထုတ်ပြန်ထား ပေမယ့် အခုစာရင်းမှားတွေများနေလို့ သတ်မှတ်တဲ့ တပတ်အတွင်းဆိုတဲ့ ရက်ကို ထပ်တိုးပေးဖို့ NLD က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို မတ်လ ၇ ရက်နေ့စွဲနဲ့ မေတ္တာရပ်ခံစာ တစောင်ပို့ပါတယ်။ မဲဆန္ဒနယ် တော်တော်များများမှာ ဒီကနေ့ မတ်လ ၇ ရက်နေ့ဟာ စာရင်းပိတ်ရက် နောက်ဆုံးရက်ဖြစ်နေပြီး NLD က မတ်လ ၂၁ ရက်နေ့ထိ နောက်ထပ် ၂ ပတ် ရက်တိုးပေးဖို့ တောင်းဆိုထားတာ ဖြစ်တယ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

“မှားယွင်းနေတာက ဒီ ၂၀၁၀ စာရင်းကိုပဲ ခပ်လွယ်လွယ်ကူကူနဲ့ တချို့ မဲဆန္ဒနယ်တွေမှာ ထည့်လိုက်တဲ့သဘောလို့ မြင်တယ်။ အဲဒီတော့ ပြင်စရာ၊ အကြောင်းဆိုစရာ၊ ပြင်ဆင်ချက်လုပ်စရာ၊ ကန့်ကွက်စရာ အများကြီးပါ။ အများကြီး ဆိုတော့အားလုံးကို ခြုံငုံပြီးတော့ ကျနော်တို့ ပြည့်ပြည့်စုံစုံ ဒီရက်ပိုင်းအတွင်းပေါ့- ၇ ရက်အတွင်းက မဖြစ်နိုင်တဲ့ အခြေအနေကို ကျနော်တို့ တွေ့နေရတယ်။ အဲဒါကြောင့်လည်း ကျနော် ဒီနေ့ ပြည်ထောင်စုကော်မရှင်ကို မေတ္တာရပ်ခံစာ ပို့ပါတယ်။ အချိန်မလုံလောက်တဲ့အတွက် ကျနော်တို့ကို ၂၁ ရက်နေ့အထိ အချိန်တိုးပေးဖို့ မေတ္တာရပ်ခံစာ ကျနော် ပို့ထားပါတယ်”

မဲဆန္ဒရှင်စာရင်းတွေမှာ မဲပေးပိုင်ခွင့်ရှိသူတချို့ အမည်စာရင်းတွေ မပါလာသလို သေဆုံးသူတွေကိုလည်း မဲပေးရမယ့် သူတွေ စာရင်းထဲ ထည့်ထားတာမျိုးအပြင် တချို့ မဲဆန္ဒရှင်တွေရဲ့အမည်တွေဆိုရင် ၂ ခါမက အပိုပါလာတာမျိုးတွေ အများကြီးတွေ့ရသလို တချို့ရပ်ကွက်တွေမှာဆို လမ်းတလမ်းလုံး မဲပေးခွင့်စာရင်းထဲ ပျောက်နေတာမျိုး ရှိနေတာကြောင့် ကော်မရှင်ကို ပြန်ပြီး ပြင်ဆင်တောင်းဆိုတာတွေ အများကြီး လုပ်နေရတယ်လို့ လည်း NLD ပါတီကပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ကြိုတင်မဲ ပေးပိုင်ခွင့်ရှိသူတွေနဲ့ ပတ်သက်တဲ့ စာတစောင်ကို ဒီကနေ့ မတ်လ ၇ ရက်နေ့ထုတ် အစိုးရ သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ မဲဆန္ဒနယ် ပြင်ပရောက်သူတွေနဲ့ မဲဆန္ဒနယ်တွင်းမှာ ရှိပေမယ့် ဘယ်သူတွေ ကြိုတင်မဲ ပေးခွင့်ရှိမလဲဆိုတာကို အုပ်စု ၂ စုခွဲပြီး ဖော်ပြထားတာပါ။ မဲဆန္ဒနယ်ပြင်ပရောက် တပ်မတော်သားတွေ၊ ကျောင်းသူကျောင်းသားတွေအပြင် သင်တန်းသွားနေသူတွေ- တခါ ပြင်ပမှာ ဆေးကုသခံနေသူတွေ၊ ရက်ပေါင်း ၁၈ဝ ထက်မနည်း ပြင်ပရောက်သူတွေနဲ့ အစိုးရ ခွင့်ပြုချက်နဲ့ ပြင်ပရောက်နေသူတွေ ကြိုတင်မဲပေးခွင့်ရှိတယ်လို့ ဖော်ပြထားပါတယ်။

တခါ မဲဆန္ဒနယ်တွင်းမှာ ရှိပေမယ့် နယ်မြေကျော်ပြီး ခရီးသွားနေသူတွေ၊ ရောဂါဝေဒနာ ခံစားနေရလို့ မဲရုံကို မလာနိုင် သူတွေအပြင် အသက်အရွယ်ကြီးရင့်သူ၊ မီးဖွားနေသူ၊ အချုပ်ကျနေသူတွေဟာ ကြိုတင်မဲပေးလို့ရကြသူတွေဖြစ်ပြီး မတ်လ ၃ဝ နဲ့ ၃၁ ရက် (၂) ရက်မဲပေးကြရမယ်လို့ ပါဝင်ပါတယ်။ အဓိကကတော့ မဲန္ဒရှင်ဟာ ဘယ်သူ့ဖိအားပေးမှုမှမခံဘဲ ကြိုတင်မဲ ပေးလိုတယ်ဆိုတဲ့ ဆန္ဒရှိမှသာ မဲပေးဖို့လိုတယ်လို့ ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။

“အဲဒါက ကြိုတင်မဲကောက်ယူခံထားရတဲ့သူဟာ သူ သဘောတူမှ ယူလို့ရမယ်။ ကြိုတင်မဲ ပေးလိုက ပေးနိုင်တယ်-အဲဒါ အဓိကပဲ။ ကြိုတင်မဲလာယူတိုင်း ပေးရမှာ မဟုတ်ဘူး၊ အဲဒီလို ကိစ္စမှာ အဓိကအားဖြင့် ကာယကံရှင်က ကြိုတင်မဲ ပေးလိုခြင်း ရှိမရှိက အဓိကပါ။ အဲဒီတော့ မိမိမပေးလိုရင် ကြိုတင်မဲ ပေးဖို့ မလိုဘူးဆိုတာ မဲဆန္ဒရှင်တွေ သိဖို့ လိုပါတယ်”

၂ဝ၁ဝ တုန်းကမဲရုံကို မလာခိုင်းဘဲ အိမ်တွေမှာ ဖိအားပေးပြီး ကြိုတင်မဲတွေ ကောက်ယူစုဆောင်သွားတဲ့ အတွေ့အကြုံတွေ ရှိခဲ့တာကြောင့် ဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။

“အရင်အတွေ့အကြုံကတော့ မဲလာကောက်တယ်ဆို ပေးလိုက်ကြရတာပဲ။ ဖိအားရော ဘာရော အကုန်ပါတယ်။ ဒီလို ၂၀၁၀ ရွေးကောက်ပွဲက ဖြစ်ခဲ့တယ်လို့ အားလုံး ကြားသိကြရတာလေ။ အခု ဒီမှာတော့ ဒီလို မဖြစ်အောင် အခုလို နှိုးဆော်တာတွေထွက်တာ ဒီလို မဖြစ်အောင်လို့ နှိုးဆော်တဲ့သဘောပါပဲ။ မဲရေတာကတော့ အများရှေ့မှာပဲ ရေရမှာပါ။ ကြိုတင်မဲလည်း- အဲဒီတော့ ညနေ ၄ နာရီ မဲရုံပိတ်တာနဲ့ ကြိုတင်မဲကို စပြီးတော့ ရေမှာပေါ့။ လျှို့ဝှက်ရေလို့ မရပါဘူး”

NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်၊ ဥပဒေရေးရာ အဖွဲ့ဝင်တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်း ပြောပြခဲ့တာပါ၊ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွှတ်တော် ၃ ရပ်စလုံးရဲ့ လစ်လပ်နေရာ ၄၈ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ပါတီက ကိုယ်စားလှယ် ၁၆၉ ဦး ဝင် ပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG