သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မန်းငြိမ်းမောင် စိတ်ဓာတ်အခြေအနေ ရှေ့နေ သံသယရှိ


ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ ပုဒ်မ ၁၇၁ တရားမဝင် အသင်းဆက်သွယ်မှု၊ ပုဒ် ၁၂၂ က နိုင်ငံတော် ပုန်ကန်မှုနဲ့ အမိန့်ချဖို့ ရှိနေပါတယ်။ အမှုအမြန်ပြီးဖို့နဲ့ ဝန်ခံဖို့အတွက် မန်းငြိမ်းမောင်ကို ဖိအားပေးခံရမှုတွေလည်း ရှိနေတယ်လု့ိ ယူဆရကြောင်း ဒီအတွက် စိတ်ကျန်းမာရေးလည်း ထိခိုက်နေပုံရတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပု့ိထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလို်င်လက တရုပ်ပြည်ကနေ မြန်မာပြည်ထဲကို ပြန်ရောက်သွားပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရတဲ့ ဦးမန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ အမိန့်ချဖို့ ရှိနေတယ်လို့ ရှေ့နေဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။

“အင်္ဂါနေ့မှာ အမိန့်ချမယ်။ ၁၇/၁ ကတော့ ၃ နှစ်ပေါ့။ ၁၂၂/၁ ကတော့ အမြင့်ဆုံးကတော့ အမြင့်ဆုံးက သေဒဏ်၊ အနိမ့်ဆုံးက တသက်တကျွန်းပဲ၊ အဲဒါကို ၂ မှုပေါင်းပြီးတော့လည်းပဲ တပေါင်းတည်းကျခံစေ-လို့လည်း အမိန့်ချနိုင်တယ်ပေါ့။

နှစ်ဘက် လျှောက်လဲချက်ပေးတဲ့ အခါကျတော့ တို့ဘက်ကတော့ ဘာ့ကြောင့်လွှတ်ပေးသင့်တယ် ဆိုတဲ့ ဥပဒေကောက်ချက်ရယ်၊ နောက်တချက်ကတော့ ဒီအမှုမှာ ဒီအချိန်ကြီးမှာ ဒီလို ပြင်းထန်တဲ့ အမိန့်တွေ မပေးသင့်ဘူးဆိုတဲ့ အကြောင်းချင်းရာရယ်၊ အဲဒီ အကြောင်းအချက် ၂ ခုနဲ့ ဥပဒေ အကြောင်းအရာနဲ့ အကြောင်းချင်းရာ အဲလို ခွဲခြားပြီးတော့-တော့ လျှောက်လဲချက်တော့ ပေးလိုက်တာပဲလေ။”

အယူခံခွင့်ရှိပေမယ့် အခုတရားစွဲဆိုမှုဟာထူးခြားမှုရှိနေပြီး ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် ဥပဒေပြဌာန်းချက်တွေနဲ့ မညီတာကို တွေ့ရတယ်လို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။

“ဒီတရားစွဲဆိုတဲ့အခါမှာလည်း နိုင်ငံတော်ပုန်ကန်မှုလို အမှုကြီးကို တရားစွဲဆိုမယ်ဆိုရင် သမ္မတရဲ့ ခွင့်ပြုချက်၊ တရားစွဲဆိုခွင့်အမိန့်ပါရတယ်။ အခု ပြည်ထဲရေးဝန်ကြီးက လက်မှတ်ထိုးထားတယ်။ အဲဒီမှာ သမ္မတကနေပြီး သူ့ကို အာဏာပေးထားတယ်ဆိုတဲ့ အမိန့်စာ ပေးမထားဘူး။ ဒါကတော့ ဥပဒေအရ တရားစွဲမရတဲ့အကြောင်းပေါ့လေ။ နောက်တကြောင်းကတော့ ဘာလဲ ဆိုလို့ရှိရင် ၂ မှုပေါင်းပြီးတော့ သက်သေပြချက်တွေကို တမှု တပြိုင်တည်းတွဲထားတယ်။ အဲလို ၂ မှု သက်သေခံချက်တွေကို တပြိုင်တည်းတွဲထားမယ် ဆိုလို့ရှိရင် ဒီလိုအမှုမျိုး စစ်မယ်ဆိုလို့ရှိရင် တရားဥပဒေအရ မူလအစကပင် ပျက်ပြယ်လျှက်ရှိတယ် ဆိုပြီးတော့ ဒီလို ဥပဒေကတော့ ပြောထားတာတွေရှိတယ်။ ဒါကြောင့်မို့လို့ ဒီအချက် ၂ ချက်ပေါ်မှာ မူတည်ပြီးတော့ လွှတ်ပေးဖို့ ဆိုပြီးတော့ ကျနော်တို့ဘက်ကတော့ လျှောက်လဲချက်တော့ ပေးထားတယ်။

KNU အဖွဲ့ကြီးက ၆ ဖွဲ့လောက် ကွဲထွက်သွားတယ်။ ခွဲထွက်သွားပြီးတော့ တချို့အဖွဲ့တွေကဆိုရင် ဥပမာ သေနတ်တွေလည်းကိုင်ထားတယ်၊ ငြိမ်းချမ်းရေးလည်း လက်မှတ်ထိုးထားတယ်။ သို့သော် ၁၇/၁ ကို မဖျက်ပေးထားဘူး။ ၁၇/၁ မဖျက်ပေးဘဲနဲ့ ဒီလို ကိုယ့်သေနတ်တွေကိုယ်ကိုင်ပြီး ဒီလိုပဲ နေလို့တော့ မရဘူးလေ။ အဲဒီတော့ ဟိုအဖွဲ့ကိုတော့ ဥပဒေတမျိုး၊ ဒီအဖွဲ့ကို ဥပဒေတမျိုး ပြောလို့မရဘူး။ အခု KNU နဲ့လည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးထားတာပဲ။ အဲလိုဆိုရင် သူ့ကိုလည်း အဲဒီအခွင့်အရေးပေးရမှာပေါ့။ သူ့ကျတော့ တရားစွဲတယ်၊ ကျန်တဲ့လူတွေကျ တရားမစွဲဘူးဆိုတော့ ဘယ်တရားမျှတမှု ရှိမလဲ။”

အမှုကို အမြန်ပြီးဖို့အတွက် ဝန်ခံမှုလုပ်ဖို့ ဦးမန်းငြိမ်းမောင်က လိုလားနေပုံရပြီး စိတ်ပိုင်း ဆိုင်ရာအရ ဖိအားပေးခံနေသလို ပုံစံမျိုးတွေ တွေ့နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း ပြောပြပါတယ်။

“မြန်မြန်ပြီး ပြီးတာပေါ့-တဲ့။ ကျနော်တို့ကပဲ အမှုကို ကြာအောင်လုပ်နေသလိုလို အဲဒီပုံစံမျိုး သူ့ကို အဲဒီ အတွေးမျိုးတွေ ဝင်ပြီး အတွေးတွေ ဝေနေအောင် ဘယ်သူက ဖိအားပေးသလဲ၊ ဘယ်သူကပြောသလဲတော့ ကျနော်လည်း အတိအကျတော့ ပြောလို့ မရဘူး။ သူ့ခေါင်းထဲမှာပဲ အဲဒါတွေ ဝင်နေတယ်။ အဲဒါ မကောင်းဘူးပေါ့။

အုန်းကျော်မြင့်တုန်းကတော့ အဲဒီအတွေ့အကြုံရှိထားတယ်။ အုန်းကျော်မြင့်က ဟိုဘက်က ထောက်လှမ်းရေးကလည်း သူ့ကို စည်းရုံးလိုက်ရော-ဘာပြောလဲဆိုတော့ တရားရုံးက ကျနော် ပထမ ထွက်ထားတဲ့ ထွက်ချက်တွေက-ရှေ့နေသင်ပေးလို့ ဖြစ်ရတာပါ-တဲ့။ ကျနော့်သဘောနဲ့ မဟုတ်ပါဘူး ဆိုတော့ ဦးကိုယုက ပါဝါအမြန်ရုပ်ပစ်ရတယ်။ ပြီးလည်းပြီးရော အုန်းကျော်မြင့်ကို တခါတည်း သေဒဏ်ချပစ်လိုက်တာပဲလေ။

အဲဒီတော့ အခုလည်းပဲ သူ့ကို ပြောပြတယ်။ ကျနော်တို့က ခင်ဗျားကို စေတနာထားပြီး လိုက်ပေးနေ တာ။ ခင်ဗျား- အုန်းကျော်မြင့်လို ဖြစ်မယ်နော်လို့- ကျနော်က အဲဒါတော့ သူ စိတ်မကျန်းမာဘူး-လို့ အဲဒီလို ခံစားရတယ်။”

ဦးမန်းငြိမ်းမောင်ဟာ ဖမ်းဆီးခံရပြီးနောက်ပိုင်းမှာ မြန်မာအစိုးရဘက်က KNU နဲ့ အပစ်ရပ်နိုင်ရေး အတွက် ဦးုမန်းငြိမ်းမောင်ကို အသုံးချမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း တရားခံဘက်က ထောင်မှူးတွေကို သက်သေတွေအဖြစ် တောင်းဆိုတဲ့အခါမှာ သက်သေတွေက မဟုတ်မှန်ကြောင်း ငြင်းဆိုသွားပါတယ်။

ဦးမန်းငြိမ်းမောင်ကို ဖမ်းဆီးထားစဉ်အတွင်းမှာ မြန်မာအစိုးရဘက်က KNU ရဲ့ အားနည်းချက် အားသာချက်တွေကို ဦးမန်းငြိမ်းမောင်ထံကနေ အချက်အလက်ရယူခဲ့ပြီး KNU နဲ့ အပစ်ရပ်နိုင်ရေး အတွက် ကြိုးစားမှုတွေရှိခဲ့တယ်လို့လည်း ဦးမန်းငြိမ်းမောင်ရဲ့ထွက်ဆိုချက်တွေမှာ ပြောဆိုခဲ့ပါတယ် ရှင်။

XS
SM
MD
LG