သြစတြေးလျနိုင်ငံတောင်ပိုင်းမှာ ရှေးအကျဆုံးဖြစ်တဲ့ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၅၅၀ က သတ္တဝါရဲ့ အရိုးရုပ်ကြွင်းကို ကယ်လီဖိုးနီးယား တက္ကသိုလ်က သိပ္ပံပညာရှင်အဖွဲ့ကတွေ့ရှိခဲ့ပါတယ်။
အရင်က ရှေးအကျဆုံးလို့ သတ်မှတ်ထားတာထက် နှစ်ပေါင်း ၁၀ သန်းလောက် ပိုပြီး ရှေးကျတဲ့ သတ္တဝါရဲ့ ရုပ်ကြွင်းကို တွေ့ခဲ့တာပါ။
သတ္တဝါတွေရဲ့ ဆင့်ကဲဖြစ်စဉ်မှာ ရေမြှုပ်လို နူးညံ့တဲ့ ကိုယ်ထည်အတွက် အရိုးလိုမာကျောတဲ့ အပိုင်းတွေပါလာတာဟာ အရေးပါတဲ့ ပြောင်းလဲမှု ဖြစ်စဉ်တခုလို့ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား (Califonia – Riverside) တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောပါတယ်။
အခု သြစတြေးလီယား နိုင်ငံတောင်ပိုင်းမှာတွေ့ခဲ့တဲ့ အရိုးရုပ်ကြွင်းဟာ ရှေးခေတ်ပင်လယ်ကြမ်းပြင်မှာ ကျက်စားသွားလာတဲ့ ကိုရိုနာ ကော်လီနာ အကျူလာ မျိုးပါ။
၁ လက္မ ၂ လက္မ လောက်ရှိတဲ့ ခွက်လို ခပ်ခုံးခုံး ကိုယ်ထည်ထိပ်က နှုတ်ခမ်းသားအလျှောက်မှာ တပေလောက်ရှည်တဲ့ အပ်ချောင်းပုံ ဆူးလေးတွေ ပါတဲ့ သတ္တဝါမျိုးပါ။ ဒီဆူးလိုအချောင်းလေးတွေဟာ မရွေ့လျားနိုင်တဲ့ ဒီသတ္တဝါအတွက် ပံ့ပိုးပေးတဲ့ ကိုယ်အင်္ဂါတမျိုးဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ပါတယ်။
ဒီရုပ်ကြွင်းတွေဟာ Cambrian သက်တမ်းလို့ ခေါ်တဲ့ သတ္တဝါမျိုးကွဲတွေ လျင်လျင်မြန်မြန် ဖြစ်ထွန်း လာတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၄၂ သန်း ကနေ ၄၄၈ သန်း ကာလ မတိုင်မီကတည်းက ရှိခဲ့တာဖြစ်ပြီး သူ့သက်တမ်းကို Edia cara သက်တမ်းလို့ သတ်မှတ်ပါတယ်။
ဒီရုပ်ကြွင်းတွေကို ရာနဲ့ချီပြီး တနေရာတည်းမှာ တွေ့ရတာကြောင့် သူတို့ဟာ အုပ်စုလိုက်နေထိုင်တဲ့ သတ္တဝါမျိုးဖြစ်မယ်လို့ ခန့်မှန်းကြပြီး ကမ္ဘာပေါ်မှာ ပထမဆုံး သက်ရှိ သတ္တဝါ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှု ဖြစ်စဉ်ကို လေ့လာရာမှာ သိပ်အရေးပါတယ်လို့ ဆိုပါတယ်။