သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်ရေး ညီလာခံ မြန်မာ့အရေး အချေအတင်


Special Rapporteur on human rights in Myanmar, Tomás Ojea Quintana
Special Rapporteur on human rights in Myanmar, Tomás Ojea Quintana

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ကြောင်းပြန်လှည့် သွားနိုင်စရာ ရှိနေသေးတယ်လို့ မတ်လ ၁၂ရက်နေ့က ကျင်းပတဲ့ ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၉ကြိမ်မြောက် ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာကိုယ်စားလှယ်ကတော့ နောက်ကြောင်း ပြန်လှည့်သွားနိုင်ချေ လုံးဝမရှိဘူးလို့ အာမခံလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

မကြာသေးခင်ကမှ မြန်မာနိုင်ငံထဲက ပြောင်းလဲမှုတွေကို အနီးကပ် သွားရောက်စစ်ဆေးခဲ့တဲ့ မစ္စတာ ကင်တားနားက လက်ရှိ ပြုပြင်ပြောင်းလဲ နေမှုတွေဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေနေတွေအတွက် အပြုသဘောဆောင်တဲ့ ရိုက်ခတ်မှုတွေကို တွေ့နေရတယ်လို့ ပြောကြားခဲ့ ပေမယ့် အခြေအနေဟာ အချိန်မရွေး နောက်ကြောင်းပြန် ဆုတ်သွားနိုင်တဲ့ အနေထားမှာ ရှိနေတယ်လို့ တနင်္လာနေ့ လူ့အခွင့်အရေး ကောင်စီရဲ့ မြန်မာနိုင်ငံ ဆိုင်ရာဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ တရားဥပဒေရေး ပြုပြင်ရေးဆွဲရေး ကိစ္စဟာ လုပ်ဆောင်ဆဲ ကိစ္စဖြစ်ပါတယ်။ မပြီးဆုံးသေးပါဘူး။ ဒါ့ကြောင့် ဒီမိုကရေစီကို ကျင့်သုံး အကောင်အထည်ဖေါ်ဖို့ လိုအပ်တဲ့ တရားဥပဒေတွေ တကယ် မရှိသေးပါဘူး။ ဥပမာ တခုပြောရရင် စစ်အုပ်စု အုပ်စိုးတဲ့ခေတ် က တည်ရှိခဲ့တဲ့ မတရားစည်းဝေး စည်းရုံးရေး ဆိုတာ ဆက်လက်တည်ရှိနေဆဲပါ။ ဒီဥပဒေဟာ အရပ်သားအဖွဲ့အစည်း တွေရဲ့ လွတ်လပ်စွာ စုဝေးခွင့် စည်းရုံးခွင့် အတွက် အခက်အခဲ ဖြစ်နေပါတယ်။ ဒါ့အပြင် အစိုးရနဲ့ သဘောကွဲလွဲသူ ဆန့်ကျင်ဘက် လုပ်သူတွေကို ထောင်ချနိုင်တဲ့ ဥပဒေလည်း ဆက်လက် တည်ရှိနေဆဲပါ။ ဒါဟာ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ အတွက် အသုံးပြုနိုင်ပါသေးတယ်။

တခါ တရားစီရင်ရေး ယန္တရားဟာ အုပ်ချုပ်ရေး အာဏာစက်အောက်က မလွတ်မြောက်သေးပါဘူး။ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ကြေငြာ စာတမ်းတွေကိုလည်း အသိအမှတ်ပြု လက်ခံ ကျင့်သုံးဖို့ လိုအပ်နေပါသေးတယ်။ နောက်ပြီး မြန်မာနိုင်ငံ ပြုပြင်ရေးတွေကို နောက် ပြန်လှည့်သွားနိုင်သေးတဲ့ နောက်အခြေအနေ တခုကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ စစ်တပ်ကို အခွင့် အာဏာတွေ အဆမတန် ပေးထားခြင်းပဲ ဖြစ်ပါတယ်။”

အခုလို မစ္စတာ ကင်တားနားရဲ့ ပြောကြားချက်ကို မြန်မာ ကိုယ်စားလှယ်ဖြစ်တဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမောင်ဝေက လက်မခံတဲ့ အပြင် မြန်မာနိုင်ငံတွင်း လက်ရှိ ပြုပြင်ပြောင်းလဲ နေမှုတွေဟာ နောက်ကြောင်း ပြန်လှည့်တာမျိုး မဖြစ်စေရဘူးလို့ ပါ အာမခံ ခဲ့ပါတယ်။

“မြန်မာနိုင်ငံရဲ့ လက်ရှိ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဘယ်တော့မှ နောက်ကြောင်းပြန် လှည့်မသွားနိုင်ဘူး ဆိုတာ အာမခံ ပါတယ်။ ဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ အစီအစဉ်မရှိပဲ ထလုပ်တာမျိုး မဟုတ်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ စပြီး သေသေချာချာ ချမှတ် ထားတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းပြမြေပုံ အဆင့် ၇ဆင့် အတိုင်း လုပ်ဆောင်နေတာပါ။ ဒါ့ကြောင့် နောက်ကြောင်းပြန် ဆုတ်ဖို့ လုံးဝမရှိနိုင်ပါဘူး။ ဒါဟာ မြန်မာခေါင်းဆောင်တွေရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် ချမှတ်ထားတဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုပါ။”

မစ္စတာကင်တားနားက နိုင်ငံတကာကနေ မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှု ချမှတ်ထားတာတွေ အတွက် ပြန်လည်စဉ်းစား ကြဖို့ တိုက်တွန်းခဲ့တာအတွက် ကျေးဇူးတင်ကြောင်း သံအမတ်ကြီး ဦးမောင်ဝေက ပြောကြားခဲ့တဲ့အပြင် ဒီအရေးယူ ဒဏ်ခတ်မှုတွေကို အမြန်ဆုံး စောစောစီးစီး ရုတ်သိမ်းပေးကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆန်ရေး တိုးပြီး လုပ်ဆောင်လာ ပေမယ့် အခုထိ အရေးယူ ဒဏ်ခတ်မှုကို မရုတ်သိမ်းပေးသေးတဲ့ အမေရိကန် နိုင်ငံက ကုလသမဂ္ဂ ကိုယ်စားလှယ် ကတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှု အတွက် သတိကြီးကြီးနဲ့ စောင့်ကြည့်နေတဲ့အပြင် လက်ရှိ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ ကချင်ဒေသတွေကို လူသားချင်းစာနာမှု ဆိုင်ရာ အကူညီတွေ ပေးနိုင်အောင် မြန်မာအစိုးရက သွားရောက်ခွင့်ပြုဖို့ တောင်းဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံထဲမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့ နေရာတွေဆီကို ကုလသမဂ္ဂ၊ နိုင်ငံတကာ လူသားချင်းစာနာ တဲ့ အဖွဲ့အစည်းတွေနဲ့ သတင်း ထောက် တွေကို သွားရောက်ခွင့် ပေးဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုပါတယ်။ မြန်မာအစိုးရအနေနဲ့ လူနဲစု တိုင်းရင်းသား အဖွဲ့အစည်းတွေကို နားလည်လက်လှမ်းမှီအောင် ကျိုးစားနေတာတွေ အတွက် အမေရိကန်ပြည်ထောင်စုက ထောက်ခံ သလို အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ရှေ့ရှုပြီး စစ်မှန်တဲ့ ဆွေးနွေးပြောဆိုမှုတွေ လုပ်ဖို့ အားပေးပါတယ်။”

မြန်မာနိုင်ငံတွင်းပြုပြင်ပြောင်းလဲမှု အခြေနေတွေအတွက် အမေရိကန်က စိုးရိမ် စိတ်ပူနေချိန်မှာ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံတွင်း အခြေအနေတွေဟာ တည်ငြိမ်နေတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ တရုတ်ကိုယ်စားလှယ်က ပြောပါတယ်

“ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံမှာ အစိုးရသစ်ဖွဲ့ပြီး လွှတ်တော်သစ် တရပ်ပါ ပေါ်ပေါက်လာပြီး ပြည်တွင်း အခြေနေတွေလည်း တည်ငြိမ် နေတာတွေ့ရပါတယ်။ မြန်မာအစိုးရ အနေနဲ့ စီးပွါးရေးနဲ့ နိုင်ငံသားတွေရဲ့ လူမှု အဆင့်အတန်း တိုးတက်လာအောင် ဂရုစိုက် နေတာ တွေ့ရပြီး မြန်မာနိုင်ငံ သွေးစည်း ညီညွတ်ရေး အတွက် လုပ်ဆောင်နေတာ တွေ့ရ ပါတယ်။ မြန်မာ နိုင်ငံရဲ့ အခြေနေဟာ အပြုသဘောဆောင်တဲ့ ဘက်ကို တဖြေးဖြေး ပြောင်းလဲနေတာပါ။”

မြန်မာနိုင်ငံက အခုလို အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲရေး တွေ နောက်ပြန်လှည့် မသွားစေဖို့ အတွက် စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ဝိုင်းဝန်းပံ့ပိုးကြဖို့လည်း မစ္စတာ ကင်တားနားက အစည်းအဝေးမှာ ပန်ကြားခဲ့ပါတယ်။

XS
SM
MD
LG